စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် ပျဉ်းခုံကြီးရွာကို မတ်လ ၂၀ ရက်နေ့က စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် အရပ်သားသုံးဦး သေဆုံးပြီး၊ ပျဉ်းခုံလေးရွာကိုလည်း နှစ်ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးတာကြောင့် အိမ်ခြေ နှစ်ရာထက်မနည်း မီးလောင်ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မတ်လ ၂၀ ရက်နေ့ မနက်ပိုင်းမှာ ကလေးမြို့ပေါ်မှာရှိတဲ့ အမြောက်တပ်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးနဲ့ အသက် ၅၀ ကျော်အရွယ် အမျိုးသားနှစ်ဦးတို့ သေဆုံးခဲ့တာလို့ ဆိုပါတယ်။
ဒါ့အပြင် ၁၁ နှစ်အရွယ် မိန်းကလေးတစ်ဦး အပါအဝင် အရပ်သားခုနစ်ဦးလည်း ဒဏ်ရာရသွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"မနေ့က မနက် ၈ နာရီမှာ ပျဉ်းခုံကြီးရွာမှာ လက်နက်ကြီးကျပြီးမှ အမျိုးသား သုံးယောက်ပွဲချင်းပြီး သေသွားတယ်။ ခြေထောက်ပြတ် ဘာညာပေါ့နော်။ ဒဏ်ရာရတာက ခုနစ်ဦးလောက်ရှိတယ်။ နေ့တိုင်း လက်နက်ကြီးတွေနဲ့ ပစ်နေတာ။ ပစ်တာကတော့ ကလေးမြို့ အမြှောက်တပ်ကနေပစ်တာ"
ပျဉ်းခုံကြီးရွာအပြင် ပျဉ်းခုံလေးရွာမှာလည်း မတ်လ ၁၆ ရက်နေ့က လက်နက်ကြီးကျလို့ အရပ်သားသုံးဦး သေဆုံးတယ်လို့ သူကဆိုပါတယ်။
မတ်လ ၁၉ ရက်နဲ့ ၂၀ ရက်နေ့တွေမှာတော့ ပျဉ်းခုံလေးရွာကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့က ဝင်ရောက်စီးနင်းပြီး နှစ်ရက်ဆက်တိုက် မီးရှို့ခဲ့တာကြောင့် အိမ်ခြေ လေးရာခန့်ရှိတဲ့ရွာက နေအိမ် နှစ်ရာထက်မနည်း မီးလောင်ပျက်စီးသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"မတ် ၁၉ ရက်နေ့ နေ့လယ်ပိုင်းက စရှို့တယ်။ ည ၁ နာရီလောက်မှာ နားသွားတယ်။ အဲဒီအချိန်မှာကို ရွာတစ်ဝက်နီးပါးလောက်ဖြစ်နေပြီ။ နောက်နေ့ မနက်ခင်းမှာ ၈ နာရီကျော်မှာ ထပ်ရှို့တယ်။ မနေ့ကရှို့တော့ အဝေးကလှမ်းကြည့်ရတာတော့ ရွာလုံးကျွတ်နီးပါးလောက်ကို ဖြစ်လောက်တယ်"
လက်နက်ကြီးပစ်ခတ်မှုတွေနဲ့ စစ်ကြောင်းထိုးတဲ့အခြေအနေတွေကြောင့် ပျဉ်းခုံလေး၊ နတ်ကြီးကုန်း၊ မင်းလှ စတဲ့ရွာတွေက ဒေသခံတွေလည်း ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သူကဆိုပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို ဆက်သွယ်မေးမြန်းတဲ့အခါ ခရီးထွက်နေတဲ့အတွက် ကလေးမြို့နယ်ဘက်က အခြေအနေအသေးစိတ်ကို သူ့အနေနဲ့ မသိရသေးဘူးလို့ ပြောပါတယ်။
မတ်လ ၁၄ ရက်နေ့ကလည်း ကလေးမြို့နယ်မြောက်ပိုင်း နန်းစောင်းပုရွာကို စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းအဖွဲ့တွေက ဝင်ရောက်မီးရှို့ခဲ့တဲ့အတွက် နေအိမ်တချို့ မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။