Updated 11:40 PM Mar 13, 2024
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ တန်းစွယ်ရွာမှာ မတ်လ ၁၂ ရက်နေ့ ညနေက စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် ဒေသခံနှစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
ဒေသခံတွေဟာ ပေါက်တောမြို့နယ်၊ လှခိုင်ရွာကနေ စစ်ဘေးရှောင်ပြီးတာကြောင့် ရွာကိုပြန်လာချိန် ရွာလှေဆိပ်အရောက်မှာပဲ လက်နက်ကြီးကျည်ထိမှန်ခဲ့တာလို့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
"မနေ့က လက်နက်ကြီးကြောင့် နှစ်ယောက် သေ၊ နှစ်ယောက် ဒဏ်ရာရသွားပါတယ်။ မိန်းမတစ်ယောက်၊ ယောကျာ်းတစ်ယောက် သေတယ်။ ဒဏ်ရတာကလည်း မိန်းမနှစ်ယောက်ပါ။ သူတို့က ပေါက်တောမြို့နယ်မှာ စစ်ဘေးရှောင်ပြီးလို့ ရွာကိုပြန်လာတာပါ။ ရွာကိုအရောက် လှေဆိပ်မှာပဲ လက်နက်ကြီးကျတာပါ"
ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ပုဏ္ဏားကျွန်းမြို့နယ် မင်းကန်ရွာက ကျောင်းသားတစ်ဦး လက်နက်ကြီးကျည်ထိမှန် ဒဏ်ရာရသွားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီလက်နက်ကြီးကျည်တွေကို စစ်တွေမြို့အခြေစိုက် စစ်ကောင်စီတပ်နယ်ထဲကနေ လှမ်းပစ်ခတ်ခဲ့တာလို့လည်း ဒေသခံတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။
ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ မတ်လ ၃ ရက်နေ့ စာရင်းအရ ရခိုင်ပြည်နယ်မှာ နိုဝင်ဘာလ ၁၃ ရက်နေ့ကစခဲ့တဲ့ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ရဲ့ တစ်ကျော့ပြန်တိုက်ပွဲအတွင်း အရပ်သား ၁၇၀ ကျော် သေဆုံးခဲ့ပြီး လေးရာကျော် ဒဏ်ရာရခဲ့ပါတယ်။
(မှတ်ချက် - မတ်လ ၁၃ ရက်နေ့ ညနေ အစား မတ်လ ၁၂ ရက်နေ့ ညနေ ဟု ပြောင်းလဲ ပြင်ဆင်ထားပါသည်။)