ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ တပ်မဟာ (၁)၊ တပ်မဟာ (၃) နဲ့ တပ်မဟာ (၆) ဒေသတွေမှာ နှစ်ပတ်အတွင်း လက်နက်ကြီးကြောင့် အရပ်သား နှစ်ဦး သေဆုံးပြီး ကလေးငယ် ငါးဦး အပါအဝင် ဆယ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
လက်နက်ကြီးကျည်တွေဟာ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ ပဲခူးတိုင်းအတွင်းက KNU ထိန်းချုပ်နယ်မြေတွေထဲ ကျရောက်ပေါက်ကွဲခဲ့တာပါ။
မွန်ပြည်နယ်၊ သထုံမြို့နယ်မှာ ကော့လှိုင်းကျေးရွာက အသက် ကိုးနှစ်အရွယ် စောဒါးပူ၊ ညာဓဝယ်ကျေးရွာက အသက် (၄၂) နှစ်အရွယ် နော်မလှဘောင်၊ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ် ရေပူကြီးရွာက အသက် ၁၄ နှစ်အရွယ် နန်းမေသင်္ကြန်လင်းတို့ ဒဏ်ရာရရှိခဲ့ပါတယ်။
ဒီအပြင် ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်က အသက် ၄၂ နှစ်အရွှယ် မယုမော်နဲ့ အသက် ၈၅ နှစ်အရွယ် မယဉ်ဒွေး တို့နှစ်ဦး သေဆုံးခဲ့သလို အသက် ရှစ် နှစ်အရွယ် ယွန်းယွန်း၊ အသက် ၁၃ နှစ်အရွယ် မိမာ၊ အသက် ၁၄ နှစ်အရွယ် ကလားလေး၊ အသက် ၄၁ နှစ်အရွယ် မောင်စန်းအောင်၊ အသက် ၄၄ နှစ်အရွယ် မကြူကြူ၊ အသက် ၄၅ နှစ်အရွယ် ရွှေလှဝန်းနဲ့ ရွှေကျင်မြို့နယ်က အသက် ၄၆ နှစ်အရွယ် မစာဥတို့ ဒဏ်ရာရရှိခဲ့ပါတယ်။
ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
RFA ရဲ့ စာရင်းတွေအရ စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်ကနေ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်အထိ နိုင်ငံတစ်ဝန်းမှာ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ၁၄၂၉ ဦး သေဆုံးပြီး ၂၆၄၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။