အာဆီယံအနေနဲ့ ပြည်တွင်းရေးကို ဝင်မစွက်ဖို့ ထပ်အသိပေးကြောင်း စစ်ကောင်စီထုတ်ပြန်

အာဆီယံအနေနဲ့ အာဆီယံပဋိညာဉ်ပါ ပြဌာန်းချက်နဲ့ သဘောတူညီချက်တွေကို လေးစားလိုက်နာနေတဲ့ အဖွဲ့ဝင်နိုင်ငံတစ်ခုရဲ့ ပြည်တွင်းရေးကို အခြားနိုင်ငံတစ်ခုက ဝင်ရောက်မစွက်ဖက်ဖို့လိုတယ်ဆိုတာ ထပ်ပြီး အသိပေးလိုတယ်လို့ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာလ ၁၁ ရက် မနေ့က ထုတ်ပြန်ပါတယ်။

အာဆီယံအစည်းအဝေး အကြိမ် (၄၀) နဲ့ (၄၁) ကြိမ်မြောက်မှာ ထုတ်ပြန်ခဲ့တဲ့ ဘုံသဘောတူညီချက် ငါးချက်ကို အကောင်အထည်ဖော်တဲ့အပေါ် အာဆီယံ ခေါင်းဆောင် တွေရဲ့ ပြန်လည်သုံးသပ်ချက်နဲ့ ဆုံးဖြတ်ချက်တွေကို စစ်ကောင်စီက ကန့်ကွက်တယ် လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဘုံသဘောတူညီချက် ငါးချက်ထဲက အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့၊ သက်ဆိုင်သူအားလုံး ပါဝင်တဲ့ ဆွေးနွေးပွဲတွေ စတင်ဖို့ စတဲ့ အရေးကြီးတဲ့အချက်တွေအပေါ် အခုအထိ အကောင်အထည် မဖော်နိုင်သေးတာနဲ့ ပတ်သက်လို့ အာဆီယံခေါင်ဆောင်တချို့က စစ်ကောင်စီအပေါ် အပြစ်တင်ခဲ့ကြပါတယ်။

အာဆီယံအနေနဲ့ မြန်မာ့အရေးကို လွယ်လွယ်ကူကူ ဖြေရှင်းပေးနိုင်ဖို့ မလွယ်တာကြောင့် အာဆီယံခေါင်းဆောင်တွေ ကြားထဲမှာတောင် သဘောထားကွဲလွဲမှုတွေ ရှိနေတယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးရဲထွန်းက ပြောပါတယ်။

"နားလည်မှု မတူတော့ ဘယ်လိုမှ စေ့စပ်လို့မရဘူးလို့ မြင်တယ်။ နစကက အခြေခံ ဥပဒေအရ လုပ်တာ။ မဲမသမာမှု ရှိတယ်ဆိုပြီး အာဏာယူတာ။ နိုင်ငံတကာက ပြောနေတဲ့ NLD ပူးပေါင်းပါဝင်ဖို့ဆိုတာကို နစကဘက်က မစဉ်းစားသရွေ့ကတော့ အာဆီယံကလည်း ဘာမှကူညီနိုင်မှာ မဟုတ်ဘူး။ အာဆီယံမှာ ဆွေးနွေးဖက် အားလုံးတက်ပြီး အဖြေရှာသင့်တယ်လို့ ပြောတဲ့သူတွေကလည်းရှိနေတော့ အာဆီယံ ခေါင်းဆောင်တွေကြားမှာတောင် သဘောထား ကွဲလွဲမှုတွေက ရှိနေတယ်"

မနေ့ကထုတ်ပြန်တဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ အာဆီယံအနေနဲ့ ဘုံသဘောတူညီချက် ငါးချက်အပေါ် မြန်မာရဲ့ ကြိုးစားအားထုတ်ခဲ့တာတွေကိုလည်း အပြုသဘောဆောင် ဖော်ပြခြင်းမရှိဘူးလို့ ဆိုပါတယ်။

အခု ထိပ်သီးအစည်းအဝေးမှာလည်း မြန်မာကိုချန်လှပ်ပြီး အာဆီယံ (၉) နိုင်ငံ ခေါင်းဆောင်တွေပဲ ဆွေးနွေး သဘောတူညီခဲ့တဲ့အတွက် ဘုံသဘောတူညီချက်ငါးချက် အကောင်အထည်ဖော်ခြင်းဆိုင်ရာ အာဆီယံ ခေါင်းဆောင်တွေရဲ့ ပြန်လည်သုံးသပ်ချက်နဲ့ ဆုံးဖြတ်ချက်တွေကို လက်ခံမှာမဟုတ်ဘဲ ပြတ်သားစွာ ပယ်ချတယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာနက ဆိုပါတယ်။

ဘုံသဘောတူညီချက်တွေ အကောင်အထည်ဖော်ခြင်းဟာ လုပ်ငန်းစဉ်တစ်ရပ် ဖြစ်တဲ့ အတွက် အချိန် အကန့် အသတ်နဲ့ ဖိအားပေး၊ အကျပ်ကိုင် ချဉ်းကပ်မှုမျိုးဟာ အကျိုး မရှိနိုင်တဲ့အပြင် လက်ရှိ ပူးပေါင်းဆောင်ရွက်မှုတွေ အပေါ်မှာလည်း ဆိုးကျိုးတွေသာ သက်ရောက်စေလိ့မ်မယ်လို့ ရေးသားထားပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာတဲ့ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းဖို့ အာဆီယံက ဘုံသဘောတူညီချက် ငါးချက် ချမှတ်ခဲ့ပေမယ့် စစ်ကောင်စီဘက်က ပူးပေါင်း ဆောင်ရွက်မှု မရှိတာကြောင့် အဲဒီအချက်တွေဟာ အလုပ်မဖြစ်ဘူးလို့ အာဆီယံအဖွဲ့ဝင် နိုင်ငံ ခေါင်းဆောင်တွေက ဝေဖန်ပြောဆိုလျက် ရှိပါတယ်။