စစ်ကောင်စီကာကွယ်ရေးဝန်ကြီးကို အာဆီယံအစည်းအဝေး တက်ခွင့်ပိတ်ပင်

ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး (ADMM) မှာ စစ်ကောင်စီရဲ့ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်မြထွန်းဦးကို တက်ခွင့်မပေးဘဲ ဖယ်ထုတ်လိုက်တယ်လို့ ကမ္ဘောဒီးယားအခြေစိုက် Khmer Times သတင်းဌာနက ဒီကနေ့ ဖော်ပြပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အာဆီယံထိပ်သီးအစည်းအဝေး တက်ခွင့်မပြုတာ ၂ နှစ်ရှိသွားပြီ ဖြစ်ပြီး၊ ကျန်တဲ့ မြန်မာစစ်ကောင်စီကိုယ်စားလှယ်တွေကို စစ်ဘက်ဆိုင်ရာဆွေးနွေးပွဲတွေ တက်ခွင့်ပြုထားရာကနေ အခု ကာကွယ်ရေးဝန်ကြီး အစည်းအဝေးကနေ ပထမဆုံးအကြိမ် ဖယ်ထုတ်လိုက်တာ ဖြစ်ပါတယ်။

ကမ္ဘောဒီးယားအစိုးရနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဆုံးဖြတ်ချက်အရ ဒီအစည်းအဝေးကို တက်ရောက်ဖို့ မြန်မာနိုင်ငံက နိုင်ငံရေးအရ ကိုယ်စားမပြုသူတစ်ဦးကို ဖိတ်ကြားထားတယ်လို့ ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရှိသူ ဗိုလ်မှူးကြီး Suon Witu က ပြောပါတယ်။

အခုလို မြန်မာစစ်ကောင်စီကို အစည်းအဝေးတက်ခွင့် ကန့်သတ်လိုက်တာဟာ အာဆီယံဘုံသဘောတူညီချက် ငါးချက် အကောင်အထည်ဖော်ရေးနဲ့ ဆက်စပ်နေတယ်လို့လည်း ပြောပါတယ်။

အမေရိကန် အဆင့်မြင့်စစ်အရာရှိတစ်ဦးကလည်း မြန်မာ့အရေးဖြေရှင်းဖို့ ဒေသတွင်းနိုင်ငံတွေ ချမှတ်ထားတဲ့ ဘုံသဘောတူညီချက်တွေကို စစ်ကောင်စီဘက်က မလိုက်နာမချင်း ဝန်ကြီးအဆင့်အစည်းအဝေးတွေကို မဖိတ်သင့်ကြောင်း မှတ်ချက်ချပြောဆိုခဲ့တယ်လို့ Foreign Policy သတင်းမှာ ဖော်ပြပါတယ်။

အခု ဗိုလ်ချုပ်မြထွန်းဦးကို ပိတ်ပင်လိုက်တာဟာ မြန်မာ့အရေးအတွက် အာဆီယံရဲ့ ခြေလှမ်းတစ်ရပ်ဖြစ်တယ်လို့ ထောက်ခံပြောဆိုထားပါတယ်။

အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုကလည်း မြန်မာစစ်ကောင်စီကို အာဆီယံအဆင့်မြင့်အစည်းအဝေးတွေ တက်ရောက်ခွင့်မပြုဖို့ ထိပ်သီးဆွေးနွေးပွဲ တက်ရောက်လာတဲ့ အာဆီယံခေါင်းဆောင်တွေကို အဆိုပြုခဲ့ပြီး စင်္ကာပူ၊ မလေးရှားနဲ့ ဘရူနိုင်းနိုင်ငံတွေက သဘောတူခဲ့ကြတယ်လို့ Khmer Times သတင်းမှာ ဖော်ပြထားပါတယ်။