စစ်ကောင်စီနဲ့အာဆီယံ ဆက်ဆံရေးတွေတိုးလာနေတဲ့အပေါ် စိုးရိမ်

အာဆီယံ အစည်းအဝေးတွေမှာ မြန်မာစစ်ကောင်စီ ကိုယ်စားလှယ် တက်ရောက်ခွင့်ရလာပြီး စစ်ကောင်စီနဲ့ အာဆီယံကြား ဆက်ဆံရေးတွေတိုးလာနေတဲ့အပေါ် စိုးရိမ်ကြောင်း လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်အမတ်များအဖွဲ့ (APHR) က မတ်လ ၁၉ ရက် ဒီကနေ့ ကြေညာချက်ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

ဒီနှစ်အတွက် အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ယူထားတဲ့ လာအိုနိုင်ငံဟာ စစ်ကောင်စီကိုယ်စားလှယ်ကို အာဆီယံစားပွဲဝိုင်းမှာ နေရာပေးလာနေပြီး၊ ဒါဟာ စစ်ကောင်စီကို တရားဝင်မှုပေးရာရောက်နေတယ်လို့ ပြောထားပါတယ်။

APHR ပူးတွဲဥက္ကဋ္ဌ Charles Santiago က "စစ်ကောင်စီဟာ ကိုယ့်နိုင်ငံသားတွေအပေါ် အလွန်ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်နေတယ်ဆိုတဲ့ ငြင်းမရတဲ့သက်သေအထောက်အထားတွေ ရှိနေပါလျှက်နဲ့ အာဆီယံက စစ်ကောင်စီနဲ့ ဆက်လက်ဆက်ဆံနေတာဟာ စစ်တပ်ကို တွန်းလှန်နေတဲ့ မြန်မာပြည်သူတွေကို ပါးရိုက်လိုက်တဲ့လုပ်ရပ်ပဲဖြစ်တယ်" လို့ ပြောပါတယ်။

အာဆီယံဟာ အာဏာသိမ်းစစ်တပ်ကို အရေးယူတဲ့အနေနဲ့ အဆင့်မြင့်အစည်းအဝေးတွေမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် ထိပ်တန်းအရာရှိတွေ မတက်ရောက်ဖို့ ၂ဝ၂၁ ခုနှစ် အောက်တိုဘာလကတည်းက ပိတ်ပင်ထားတာပါ။

ဒါပေမဲ့ လာအိုနိုင်ငံ အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်လာချိန်မှာတော့ အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးကိုရော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကိုပါ စစ်ကောင်စီဘက်က ကိုယ်စားလှယ်တချို့ စေလွှတ်ခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ ထိုင်းဝန်ကြီးချုပ်က တိုင်းမ်မဂ္ဂဇင်းနဲ့ မေးမြန်းခန်းမှာ မြန်မာ့အရေးဆွေးနွေးပွဲကို ထိုင်းနိုင်ငံက ဦးဆောင်သွားမယ်လို့ ပြောကြားခဲ့တဲ့အပေါ် စိုးရိမ်ကြောင်းလည်း APHR က ပြောပါတယ်။

အင်ဒိုနီးရှား၊ မလေးရှားအနေနဲ့ အာဆီယံမှာ သူတို့ရထားတဲ့ အာဏာကိုအသုံးချဖို့လိုပြီး၊ မြန်မာစစ်တပ်နဲ့ ဆက်ဆံတာတွေရပ်အောင်လုပ်ဖို့နဲ့ ကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေအတွက် မြန်မာစစ်တပ် တာဝန်ခံလာအောင်လုပ်ဖို့ APHR က တောင်းဆိုပါတယ်။