လာအိုနိုင်ငံ လွန်ပရာဘန် (Luang Prabang) မြို့မှာ မတ်လ ၅ ရက် ဒီနေ့ကျင်းပတဲ့ အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးအတွင်း မြန်မာနိုင်ငံအပေါ် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးကိစ္စကို အလေးထားဆွေးနွေးခဲ့တယ်လို့ NIKKEI Asia က သတင်းဖော်ပြထားပါတယ်။
မိမိတို့အနေနဲ့ ပထဝီနိုင်ငံရေး ပဋိပက္ခတွေနဲ့ ကြုံတွေ့နေရပြီး ဒီနေ့ဟာ အာဆီယံအတွက် ဒီပြဿနာတွေကို ဘယ်လိုဖြေရှင်းမလဲ အတူတကွဆွေးနွေးကြဖို့ အခွင့်အလမ်းတစ်ခုဖြစ်တယ်လို့ လာအိုကာကွယ်ရေးဝန်ကြီး Chansamone Chanyalath က အစည်းအဝေး အဖွင့်အမှာစကားမှာ ထည့်သွင်းပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအစည်းအဝေးကို တက်ရောက်ခဲ့တဲ့ ထိုင်းအစိုးရကိုယ်စားလှယ်တစ်ဦးက လူသားချင်းစာနာထောက်ထားမှု အကူအညီနဲ့ သဘာ၀ဘေးကယ်ဆယ်ရေးအတွက် ဆက်လက်ဆောင်ရွက်နေတယ်လို့ အစည်းအဝေးမတိုင်ခင် သတင်းထောက်တွေကို ပြောခဲ့ကြောင်းလည်း NIKKEI Asia က ဖော်ပြပါတယ်။
အာဆီယံ အလှည့်ကျဥက္ကဋ္ဌတာဝန်ယူထားတဲ့ လာအိုနိုင်ငံက ကြီးမှူးကျင်းပတဲ့ အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးကို စစ်ကောင်စီကလည်း ကိုယ်စားလှယ်တချို့ စေလွှတ်ခဲ့တယ်လို့ ဆိုပါတယ်။
ဇန်နဝါရီလက ကျင်းပခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကိုလည်း နှစ်နှစ်ကျော်ကာလအတွင်း ပထမဦးဆုံးအကြိမ်အနေနဲ့ စစ်ကောင်စီဘက်က ကိုယ်စားလှယ်တချို့ စေလွှတ်ခဲ့ပါတယ်။
အာဆီယံဟာ အာဏာသိမ်းစစ်တပ်ကို အရေးယူတဲ့အနေနဲ့ အဆင့်မြင့်အစည်းအဝေးတွေမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် ထိပ်တန်းအရာရှိတွေ မတက်ရောက်ဖို့ ၂၀၂၁ ခုနှစ် အောက်တိုဘာလ ကတည်းက ပိတ်ပင်ထားတာပါ။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UN OCHA) ကလည်း မြန်မာ့လူဦးရေ ၁၈ သန်းခွဲကျော်ဟာ အရေးပေါ်လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်နေတယ်လို့ မတ်လ ၃ ရက်နေ့က ထုတ်ပြန်ထားပါတယ်။