စစ်ကောင်စီနဲ့ ပတ်သက်သူမှန်သမျှ ဘယ်ဆွေးနွေးပွဲမှ မဖိတ်ဖို့ အပါအ၀င် မြန်မာ့အရေး အတွက် အာဆီယံက ဆောင်ရွက်ပေးစေချင်တဲ့ အချက်တွေကို ပြည်တွင်းနဲ့ နိုင်ငံတကာ အရပ်ဘက် အဖွဲ့အစည်း ၄၅၇ ဖွဲ့က အာဆီယံကို အိတ်ဖွင့်ပေးစာပေးပို့ တောင်းဆိုလိုက်ပါတယ်။
အဲဒီအိတ်ဖွင့်ပေးစာကို လူအခွင့်အရေးဆိုင်ရာ အာဆီယံအမတ်များအဖွဲ့ (APHR) ရဲ့ ဝက်ဘ်ဆိုဒ် စာမျက်နှာကတစ်ဆင့် အောက်တိုဘာလ ၂၅ ရက် ဒီနေ့မှာပဲ ဖော်ပြထားတာပါ။
စစ်ကောင်စီရဲ့ နိုင်ငံရေးဆက်နွယ်သူ၊ မဆက်နွယ်သူ ကိုယ်စားလှယ်အားလုံးကို အာဆီယံရဲ့ ထိပ်သီးအစည်းအဝေးတွေနဲ့ တခြားတွေ့ဆုံဆွေးနွေးပွဲတွေမှာ မဖိတ်ကြားဖို့နဲ့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်ရဲ့ လုပ်ပိုင်ခွင့်ကိုပြင်ဆင်ပေးဖို့ အာဆီယံ အဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင် တစ်ဦးချင်းစီကို နာမည်တပ်ပြီး အဲဒီအရပ်ဘက်အဖွဲ့အစည်း တွေက တောင်းဆိုခဲ့တာပါ။
အင်ဒိုနီးရှားနိုင်ငံက အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူမယ့်အချိန်မှာလည်း အာဆီယံဟာ ဒေသဆိုင်ရာအဖွဲ့အစည်း အနေနဲ့သာမက အဖွဲ့ဝင်တစ်နိုင်ငံချင်းအလိုက်ကပါ အောင်မြင်မှု မရှိတဲ့ အာဆီယံဘုံသဘောတူညီချက် ငါးရပ်ထက် ပိုပြီးစွမ်းဆောင်ပေးဖို့၊ ထိရောက်တဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးနိုင်ဖို့နဲ့ အမျိုးသားညီညွတ်ရေး အစိုးရကို တရားဝင်အသိအမှတ်ပြုပေးဖို့ စတဲ့အချက်တွေလည်း ပါ၀င်ပါတယ်။
အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ လာမယ့်အောက်တိုဘာ ၂၇ ရက်နေ့ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ မြန်မာ့အရေးနဲ့ ပတ်သက်လို့ အရေးပေါ်ဆွေးနွေးမယ့် အစည်းအဝေး မတိုင်ခင် အခုလို အိတ်ဖွင့်ပေးစာနဲ့ အာဆီယံကို တောင်းဆိုလိုက်တာဖြစ်ပါတယ်။
လာမယ့် အာဆီယံထိပ်သီးညီလာခံကိုလည်း ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၀ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့မှာ ကျင်းပပြုလုပ်သွားဖို့ ရှိနေပါတယ်။