အာဆီယံသဘောတူညီချက်ကို လိုက်နာဖို့ စစ်ကောင်စီကို သမ္မတ ဘိုင်ဒင်တောင်းဆို

အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) နဲ့ သဘောတူညီခဲ့တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို လိုက်နာဖို့ အာဏာသိမ်းစစ်ကောင်စီကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် (Joe Biden) က ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။

“မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်ရတာကို မြင်ရဖို့ ကျွန်တော်တို့ ဆက်ပြီးကြိုးပမ်းသွားမှာဖြစ်သလို၊ ဘုံသဘောတူညီချက် ငါးရပ်ကို အကောင်အထည်ဖော်နိုင်အောင်လည်း အာဆီယံနဲ့အတူ လက်တွဲကြိုးပမ်းသွားမှာဖြစ်ပါတယ်”

အရှေ့အာရှထိပ်သီးညီလာခံတက်ရောက်ဖို့ ကမ္ဘောဒီးယားနိုင်ငံမှာ ရောက်နေစဉ် သမ္မတ ဘိုင်ဒင်က ပြောဆိုခဲ့တာဖြစ်ပါတယ်။

အာဆီယံဘုံသဘောတူညီချက် ငါးရပ်မှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ဖို့၊ ငြိမ်းချမ်းတဲ့အဖြေတစ်ခုရအောင် သက်ဆိုင်သူတွေအားလုံး ဆွေးနွေးကြဖို့၊ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေပေးဖို့၊ အာဆီယံအထူးကိုယ်စားလှယ်အဖွဲ့မြန်မာပြည်ကို စေလွှတ်ဖို့နဲ့ အာဆီယံဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ် တစ်ယောက်က ကြားဝင်ညှိနှိုင်းပေးဖို့ ဆိုတဲ့အချက်တွေပါဝင်ပါတယ်။

ဒါ့အပြင် အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံထဲက ကိုးနိုင်ငံခေါင်းဆောင်တွေနဲ့ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တော်မှာ တွေ့ဆုံစဉ်အတွင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် က သူ့အနေနဲ့ ဒီဆွေးနွေးပွဲတက်ရောက်တာဟာ အာဆီယံနဲ့ဆက်ဆံရေးမှာ အမေရိကန်ပြည်ထောင်စုဟာ အရေးကြီးတဲ့နေရာမှာ ရှိနေတယ်ဆိုတာ ပြသလိုက်တာ ဖြစ်ကြောင်း၊ အာဆီယံဟာ အမေရိကန်အစိုးရရဲ့ အဓိကကျတဲ့ အင်ဒိုပစိဖိတ်ဆိုင်ရာ မဟာဗျူဟာဖြစ်ပြီး မိမိတို့အနေနဲ့ အာဆီယံနဲ့အတူ ဆက်လက်နှစ်မြှုပ်လုပ်ကိုင်ဆောင်ရွက်ဖို့ ရည်သန်ထားကြောင်း ပြောဆိုခဲ့ပါတယ်။