အာဆီယံဥက္ကဋ္ဌ ရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ဖြစ်တဲ့ ကမ္ဘောဒီးယားနိုင်ငံခြားရေးနဲ့ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး Prak Sokhonn ပရက်ဆိုခွန်းက မြန်မာနိုင်ငံမှာ စစ်ကောင်စီက အကျဉ်းသားတွေ လွှတ်ပေးလိုက်တာကို ကြိုဆိုကြောင်းနဲ့ မြန်မာနိုင်ငံကို လာမယ့်သီတင်းပတ်အနည်းငယ်အတွင်း တတိယအကြိမ်မြောက်အဖြစ် သူသွားရောက်မယ်လို့ မနေ့က ပြောလိုက်ပါတယ်။
စစ်ကောင်စီက အကျဉ်းသား ၆ဝဝဝ နီးပါးကို လွှတ်ပေးလိုက်တာဟာ အာဆီယံက ချမှတ်ထားတဲ့ မူ ငါးချက်နဲ့လိုက်လျောညီထွေရှိပြီး မြန်မာပြည် ငြိမ်းချမ်းရေးနဲ့ ပဋိပက္ခတွေဖြေရှင်းရေးအတွက် ကောင်းမွန်တဲ့ လက္ခဏာဖြစ်တယ်လို့ သူက ပြောပါတယ်။
ဒါ့အပြင် အာဆီယံဘုံသဘောတူညီချက်တွေထဲက ကျန်အချက်တွေဖြစ်ကြတဲ့ ဆူပူအကြမ်းဖက်မှုတွေ အဆုံးသတ်ရေး၊ လူသားချင်းစာနာမှုအကူအညီတွေ ပေးပို့ရေး၊ ယုံကြည်မှုတည်ဆောက်ရေးနဲ့ သက်ဆိုင်သူအားလုံးပါဝင်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြုလုပ်နိုင်ရေးတွေလည်း ဖြစ်ထွန်းလာဖို့ မျှော်လင့်တယ်လို့လည်း ပရက်ဆိုခွန်း ကပြောပါတယ်။
စစ်ကောင်စီဘက်ကတော့ အာဆီယံအနေနဲ့ မြန်မာပြည်တွင်းရေးကို ဝင်မစွက်ဖက်ဖို့ အာဆီယံထိပ်သီးညီလာခံ ကျင်းပနေချိန်မှာ သဘောထားထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံ မပါဝင်ဘဲ အာဆီယံက ဆုံးဖြတ်ခဲ့တဲ့ အချက်တွေကို လက်ခံမှာမဟုတ်ဘဲ ပြတ်သားစွာ ပယ်ချတယ်လို့လည်း စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ငြင်းဆိုထားပါတယ်။
အာဆီယံ အထူးကိုယ်စားလှယ်ဟာ ပြီးခဲ့တဲ့ မတ်လ ၂၁ ရက်ကနေ ၂၃ရက်နေ့အထိတစ်ကြိမ်၊ ဇွန်လ ၃ဝရက်နေ့ကနေ ဇူလိုင် ၂ရက်နေ့အထိ တစ်ကြိမ် မြန်မာနိုင်ငံကို သွားရောက်ခဲ့ပါတယ်။