မြန်မာ့အရေး ဘုံသဘောတူညီချက်တွေကို အချိန်ကန့်သတ်ဖို့ အာဆီယံဆုံးဖြတ်

2022.11.11
မြန်မာ့အရေး ဘုံသဘောတူညီချက်တွေကို အချိန်ကန့်သတ်ဖို့ အာဆီယံဆုံးဖြတ် အာဆီယံညီလာခံမှာ မြန်မာအတွက် ခုံနေရာကို လစ်လပ်ထားစဉ်။
Photo: Reuters

မြန်မာ့အရေး ဖြေရှင်းဖို့ အာဆီယံက ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ငါးချက်ကို အချိန်ကာလတစ်ခု သတ်မှတ်ဆောင်ရွက်ဖို့ ဒီကနေ့ကျင်းပတဲ့ အာဆီယံထိပ်သီးညီလာခံကနေ ဆုံးဖြတ်လိုက်ပါတယ်။

ဒီဘုံသဘောတူညီချက်တွေ ချမှတ်ထားတာ အချိန်တစ်နှစ်ခွဲကျော်ကြာပြီဖြစ်ပေမယ့် အာဏာသိမ်းစစ်ကောင်စီဘက်က လိုက်နာဆောင်ရွက်တာ မရှိသလောက်နည်းတာကြောင့် အာဆီယံဘက်က အချိန်သတ်မှတ်ဖို့ ဖြစ်လာတာပါ။

အချိန်အတိုင်းအတာတစ်ခုအတွင်း ခိုင်ခိုင်မာမာနဲ့ ထင်သာမြင်သာရှိတဲ့ ရလဒ်တွေထွက်အောင် လုပ်ဖို့လိုတယ်လို့ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့မှာ ဒီကနေ့ကျင်းပတဲ့ ညီလာခံ ပထမနေ့အပြီး ထုတ်ပြန်တဲ့ ကြေညာချက်မှာ ပါပါတယ်။ အချိန်ကာလသတ်မှတ်ချက် အသေးစိတ်တော့ မသိရသေးပါဘူး။

ဒီဘုံသဘောတူညီချက်တွေထဲမှာ အကြမ်းဖက်တာတွေ ရပ်ဖို့၊ အာဆီယံရဲ့ ကြားဝင်စေ့စပ်မှုနဲ့ သက်ဆိုင်သူ အားလုံးဆွေးနွေးဖို့၊ အာဆီယံကတစ်ဆင့် လူသားချင်းစာနာမှု အကူအညီတွေပေးဖို့၊ အာဆီယံ အထူးကိုယ်စားလှယ်ကို မြန်မာနိုင်ငံလွှတ်ပြီး သက်ဆိုင်သူ အားလုံးနဲ့တွေ့ဖို့ စတဲ့အချက်တွေ ပါပါတယ်။ 

ဒါပေမဲ့ အာဏာသိမ်းထားတဲ့ စစ်ကောင်စီဘက်က အကြမ်းဖက်မှုတွေ အရပ်သားပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်နေတာတွေ ရပ်သွားတာမရှိပါဘူး။ အာဆီယံ ကိုယ်စားလှယ်တွေ မြန်မာနိုင်ငံကို ရောက်လာခဲ့ပေမယ့် ဖမ်းဆီးခံ ဒေါ်အောင်ဆန်းစုကြည်နဲ့တော့ တွေ့ခွင့်မပေးပါဘူး။ 

ပြည်တွင်း၊ ပြည်ပက မြန်မာ့အရေးလှုပ်ရှားသူတွေကတော့ ဒီဘုံသဘောတူညီချက်တွေဟာ အလုပ်မဖြစ်ဘူးလို့ ဝေဖန်နေတာပါ။ ဒါပေမဲ့ အာဆီယံကတော့ ဘုံသဘောတူညီချက်တွေကို ဆက်ကိုင်ဆွဲထားတာ ဖြစ်ပါတယ်။

လက်ရှိအာဆီယံညီလာခံတွေမှာ စစ်ခေါင်းဆောင်ကို တက်ရောက်ခွင့်မပြုထားပါဘူး။ မြန်မာနိုင်ငံကိုယ်စားပြုအတွက် နိုင်ငံရေးနဲ့ မသက်ဆိုင်တဲ့သူကို ဖိတ်ကြားပေမယ့် တက်ရောက်တာမရှိတာကြောင့် မြန်မာအတွက် ခုံနေရာကို လစ်လပ်ထားပါတယ်။ 

အစည်းအဝေးတွေမှာ မြန်မာကိုယ်စားပြုသူ တက်ရောက်ခွင့်ကိုလည်း တကယ်လိုအပ်လာရင် ပြန်သုံးသပ်သွားဖို့ရှိတယ်လို့ ဒီကနေ့ အာဆီယံခေါင်းဆောင်တွေရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ 

အာဆီယံလွှတ်တော်အမတ်များအဖွဲ့ APHR အပါအဝင် အရပ်ဘက်အဖွဲ့တွေကတော့ အာဆီယံကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နဲ့ တရားဝင်တွေ့ဆုံဖို့ ဖိအားပေး တောင်းဆိုတာတွေ ရှိနေပါတယ်။ 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။