၂ဝ၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးချိန်ကစလို့ နိုင်ငံရေး မတည်ငြိမ်မှု၊ လက်နက်ကိုင်ပဋိပက္ခနဲ့ စီးပွားရေးအရ အရေးယူပိတ်ဆို့ဒဏ်ခတ်ခံရမှုတွေနဲ့ ကြုံနေရတဲ့ မြန်မာနိုင်ငံဟာ အာရှကြံ့တွေအတွက် အန္တရာယ်ရှိတဲ့နေရာဖြစ်လာနေကြောင်း အစီရင်ခံစာတစ်စောင်က ဖော်ပြလိုက်ပါတယ်။
နယ်သာလန်အခြေစိုက် Wildlife Justice Commission ဆိုတဲ့ သားရိုင်းတိရစ္ဆာန်များ တရားမျှတရေးကော်မရှင်က ထုတ်ပြန်တဲ့ ကြံ့ချိုမှောင်ခိုလုပ်ငန်းဆိုင်ရာ အစီရင်ခံစာမှာ ပါရှိတာလို့ အိန္ဒိယနိုင်ငံထုတ် Deccan Herald သတင်းမှာ မနေ့က ဖော်ပြပါတယ်။
အိန္ဒိယနဲ့ နီပေါမှာသာတွေ့ရပြီး ကြံ့ဆင်လို့ ခေါ်တဲ့ ဦးချိုတစ်ချောင်းတည်းရှိတဲ့ ကြံ့တွေအပါအဝင် ကြံ့သတ္တဝါတွေအတွက် အန္တရာယ်ရှိတယ်လို့လည်း ဆိုပါတယ်။
အိန္ဒိယကနေ မြန်မာနိုင်ငံကို မှောင်ခိုသွင်းပြီး မြန်မာနိုင်ငံက တစ်ဆင့် အရှေ့တောင်အာရှနဲ့ တရုတ်နိုင်ငံကို တရားမဝင်တင်သွင်းတဲ့ လမ်းကြောင်းကိုလည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ပထဝီဝင်အနေအထားအရ မြန်မာနိုင်ငံဟာ တရုတ်နဲ့ အိန္ဒိယနိုင်ငံကြားမှာ တည်ရှိတာကြောင့် ထိုင်းနဲ့လာအိုနယ်စပ်တွေက တစ်ဆင့် အရှေ့တောင်အာရှကို ရောက်နိုင်တဲ့အတွက် မှောင်ခိုကူးသန်းရာ လမ်းကြောင်းတစ်လျှောက် အဆင်ပြေတဲ့ ကြားစခန်းတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံအရှေ့ပိုင်း တရုတ်နယ်စပ် မိုင်းလားနဲ့ ထိုင်းနယ်စပ် တာချီလိတ်မြို့မှာ ကြံ့ချိုတွေနဲ့ ကြံ့ကရတဲ့ ပစ္စည်းတွေ ရောင်းချတာ မြင်တွေ့ရတယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။