ဒေါ်အောင်ဆန်းစုကြည် အာဇာနည်ဗိမာန်သွားရောက်

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် ဟာ သားငယ် Kim Aris ခေါ် ကိုထိန်လင်းနဲ့ ဒီမနက်ပိုင်းမှာ ရွှေတိဂုံ ဘုရားဖူးပြီး အာဇာနည် ဗိမာန်နဲ့ ရွှေတိဂုံ ဘုရားလမ်းမှာ ရှိတဲ့ ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်ရဲ့ ဂူဗိမာန်ကို သွားရောက် ကန်တော့ကြပါတယ်။

ဒီနေ့ ညနေပိုင်းမှာ ကိုထိန်လင်း ပြန်တော့မှာမို့ မပြန်ခင် မိခင်နဲ့ ဘုရားလည်း ဖူးမျှော် ကန်တော့ပြီး ကွယ်လွန်သူ ဘိုးဘွားတွေကို ဂူဗိမာန်တွေမှာ သွားရောက် ကန်တော့တာလို့ NLD ရုံးအဖွဲ့မှူး ဦးဝင်းထိန်က ပြောပါတယ်။ "ဒေါ်အောင်ဆန်းစုကြည်ရဲ့သားငယ် ကိုထိန်လင်းက ဒီနေ့ပြန်မှာ၊ ဒေါ်စုက သူ့အဘိုးအဘွားနဲ့ ကုသိုလ်ရေး ကိစ္စ လုပ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မနက် ၇ နာရီမှာ သူတို့ သားအမိ နှစ်ယောက် ထွက်ပါတယ်။ ရွှေတိဂုံ ဘုရားကို သွားကန်တော့ပြီးတော့မှ အင်္ဂါထောင့်မှာ ပန်းကပ်တယ်။ ရေချမ်းကပ်တယ်။ ဆုတောင်းတယ်။ နောက်ပြီးတော့ စနေထောင့်မှာ မောင်ထိန်လင်း အတွက် ပန်းကပ်တယ်။ ရေချမ်းကပ်တယ်။ ဆုတောင်းတယ်။ အဲဒါပြီးတဲ့ အခါကျတော့ သူတို့ သားအမိက အာဇာနည်ကုန်း သွားပြီးတော့ သူ့အဘိုး ဗိုလ်ချုပ်အောင်ဆန်း အုတ်ဂူမှာ ကန်တော့ပါတယ်ခင်ဗျ။ အဲဒါ ကန်တော့ပြီးတဲ့ အခါမှာ ရွှေတိဂုံ ဘုရားလမ်းမှာ ရှိတဲ့ ဒေါ်ခင်ကြည်ရဲ့ အုတ်ဂူကို သွားပြီးတော့ ဂါရ၀ ပြုပါတယ်။ မနက် ၇ နာရီက ထွက်တာ အိမ်ပြန်ရောက်တော့ ၈ နာရီထိုးပါပြီ။" ဒေါ်အောင်ဆန်းစုကြည်တို့ သားအမိ ရွှေတိဂုံ ဘုရားဖူးမျှော်ချိန်မှာ ပြည်တွင်း သတင်းထောက်တွေ ဓာတ်ပုံ ရိုက်ကူးနိုင်ပေမယ့် အာဇာနည် ဗိမာန်မှာတော့ သတင်းထောက်တွေကို သက်ဆိုင်ရာက အထဲဝင်ခွင့် မပေးဘူးလို့ စာနယ်ဇင်းသမား တဦးက ပြောပါတယ်။ မိခင်ရဲ့မွေးနေ့ အမှီ ရန်ကုန်ကို အရောက်လာပြီး မိခင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ ပုဂံ-ညောင်ဦး ခရီးသွားခဲ့တဲ့ ကိုထိန်လင်းဟာ ဒီ ညမှာ ထိုင်း လေကြောင်းလိုင်းနဲ့ မြန်မာနိုင်ငံက ပြန်လည် ထွက်ခွာမယ်လို့ သိရပါတယ်။ ဒီခရီးဟာ ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်ကနေ ၂၀၁၀ ခုနှစ် နိုဝင်ဘာလက ပြန်လွတ်မြောက်လာပြီးနောက် မိခင်ထံ ကိုထိန်လင်း ဒုတိယ အကြိမ်မြောက် လာရောက်တဲ့ ခရီး ဖြစ်ပါတယ်။