သပိတ်စခန်း ဖြိုခွင်းမှု ၉ လပြည့်အထိမ်းအမှတ် ကျင်းပ

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ် ကြေးနီတောင် စီမံကိန်းတဝိုက်က ရာနဲ့ချီတဲ့ ဒေသခံတွေဟာ လက်ပံတောင်းတောင် သပိတ်စခန်း ဖြိုခွင်းခံခဲ့ရတဲ့ ၉ လပြည့် အထိမ်းအမှတ်အဖြစ် ဒီနေ့ တုံရွာကနေ ထန်းတောဇက်ဆိပ် အထိ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၂၉ ရက်နေ့က ကြေးနီစီမံကိန်းမှာ သပိတ်စခန်းတွေဖွင့်ပြီး ဆန္ဒပြကြသူတွေကို လုံခြုံရေးတပ်ဖွဲ့တွေက အကြမ်းဖက် ဝင်ရောက်စီးနင်းခဲ့တဲ့အတွက် ဒီနေ့ ၉ လပြည့်အထိမ်းအမှတ် ဆန္ဒပြတာဖြစ်ပါတယ်။

ဒီဆန္ဒပြပွဲဟာ မီးလောင်ဗုံး သုံးခဲ့သူ တရားခံတွေကို အမြန်ဆုံး ဖော်ထုတ်ပေးဖို့အတွက် ဆန္ဒပြတောင်းဆိုတာဖြစ်တယ်လို့ တုံရွာမ ကျေးရွာသူ မမာချိုက ပြောပါတယ်။

အလားတူပဲ ရန်ကုန်မြို့ ရွှေတိဂုံဘုရားအောင်မြေမှာလည်း "လက်ပံတောင်းတောင် ချစ်သူများနဲ့ ငြိမ်းချမ်းရေးလိုလားသူ' တွေလို့ အမည်ပေးထားတဲ့အဖွဲ့က ဒီနေ့ညနေပိုင်းက လက်ပံတောင်းတောင်ဖြိုခွင်းခံရမှု ကိုးလပြည့်အထိမ်းအမှတ်အဖြစ် ငြိမ်းချမ်းရေးဆုတောင်းပွဲ ကျင်းပခဲ့ပါတယ်။