ဩစတြေးလျ-အာဆီယံ ညီလာခံမှာ မြန်မာ့အရေးအဓိကဆွေးနွေးဖို့ HRW တောင်းဆို

RFA Burmese
2024.03.04
ဩစတြေးလျ-အာဆီယံ ညီလာခံမှာ မြန်မာ့အရေးအဓိကဆွေးနွေးဖို့ HRW တောင်းဆို ၂ဝ၂၄ ခုနှစ် မတ်လ ၄ ရက်နေ့က ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့တွင် ကျင်းပသည့် ဩစတြေးလျ-အာဆီယံ ညီလာခံ ဆွေးနွေးပွဲမြင်ကွင်းတစ်ခု။
Photo: AFP

ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ မတ်လ ၄ ရက်နေ့ကနေ ၆ ရက်နေ့ထိ ကျင်းပနေတဲ့ ဩစတြေးလျ-အာဆီယံ ထိပ်သီးညီလာခံအတွင်း မြန်မာ့အရေးအဓိကဆွေးနွေးဖို့ HRW လူ့အခွင့်အရေးအဖွဲ့က ပြောလိုက်ပါတယ်။

ဩစတြေးလျနဲ့ အာဆီယံနိုင်ငံတွေပေါင်းပြီး မြန်မာစစ်ကောင်စီအပေါ် ပြင်းပြင်းထန်ထန်အရေးယူဒဏ်ခတ်ပိတ်ဆို့ဖို့လည်း HRW ရဲ့ မတ်လ ၄ ရက်နေ့ ထုတ်ပြန်ချက်မှာ တောင်းဆိုထားပါတယ်။

မြန်မာစစ်တပ်အတွက် လေယာဉ်ဆီတင်သွင်းပေးနေတဲ့ ကုမ္ပဏီတွေနဲ့ ဘဏ်လုပ်ငန်းတွေကို မကြာသေးခင်က ဩစတြေးလျအစိုးရက ဒဏ်ခတ်ပိတ်ဆို့လိုက်သလိုပဲ အာဆီယံနိုင်ငံတွေလည်း လုပ်ဖို့လိုတယ်လို့ ထောက်ပြပြောဆိုထားပါတယ်။

မြန်မာအရေးဖြေရှင်းဖို့ အာဆီယံက ဘုံသဘောတူညီချက် ငါးချက် ချမှတ်ထားပေမဲ့ စစ်ကောင်စီဘက်က မလိုက်နာဘဲ စစ်ရာဇဝတ်မှုတွေ ဆက်ကျူးလွန်နေတယ်လို့လည်း ထောက်ပြထားပါတယ်။

ဒါကြောင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီကနေ အရေးယူလာအောင် ဩစတြေးလျဝန်ကြီးချုပ်နဲ့ အာဆီယံခေါင်းဆောင်တွေပေါင်းပြီး ဆောင်ရွက်ဖို့လိုတယ်လို့လည်း ဆိုပါတယ်။

ထိပ်သီးညီလာခံ ကျင်းပနေချိန်မှာပဲ ဩစတြေးလျရောက် မြန်မာတွေလည်း မဲလ်ဘုန်းမြို့ပေါ်မှာ စုဝေးပြီး ဆန္ဒပြနေကြပါတယ်။

စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံခြား ကုန်သွယ်မှုဘဏ်၊ မြန်မာ့ ရင်းနှီးမြုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်၊ စစ်ကောင်စီအတွက် လေယာဉ်လောင်စာဆီ တင်သွင်းပေးတဲ့ Asia Sun Group, Asia Sun Trading ကုမ္ပဏီနဲ့ Cargo Link Petroleum Logistics ကုမ္ပဏီတွေကို ဩစတြေးလျအစိုးရက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်း သုံးနှစ်ပြည့်ချိန်မှာ ဒဏ်ခတ်ပိတ်ဆို့ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။