မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေကို ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်း အာဆီယံ-ဩစတြေးလျ ထိပ်သီးညီလာခံက ကြေညာချက်ထုတ်ပြန်ပါတယ်။
အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်ဆိုင်းဖို့နဲ့ ထိရောက်တဲ့ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေပေးဖို့အပါအဝင် ကျယ်ကျယ်ပြန့်ပြန့်ပါဝင်တဲ့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေလုပ်ဖို့လည်း ကြေညာချက်ထဲမှာ ထည့်သွင်းတောင်းဆိုထားပါတယ်။
မြန်မာ့အရေးဖြေရှင်းရေးမှာ အာဆီယံကချမှတ်ထားတဲ့ ဘုံသဘောတူညီချက်ငါးချက်ကို ဆက်လက်ကိုင်စွဲထားမှာဖြစ်ပြီး ဒီသဘောတူညီချက်တွေအားလုံး အကောင်အထည်ပေါ်တာကို မြင်ချင်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်အနေနဲ့ မြန်မာ့အရေး သက်ဆိုင်သူအားလုံးနဲ့ ချိတ်ဆက်ဆောင်ရွက်ဖို့လိုတယ်လို့လည်း တိုက်တွန်းထားပါတယ်။
ဒီကြေညာချက်ပါပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။
ဩစတြေးလျ-အာဆီယံ ထိပ်သီးညီလာခံကို ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ မတ်လ ၄ ရက်နေ့ကနေ ၆ ရက်နေ့ထိ ကျင်းပခဲ့တာဖြစ်ပါတယ်။
ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ မတ်လ ၄ ရက်နေ့ကနေ ၆ ရက်နေ့ထိ ကျင်းပခဲ့တဲ့ အာဆီယံ-ဩစတြေးလျ အထူး ထိပ်သီးညီလာခံကို တက်ရောက်ခွင့် ပိတ်ပင်ခံထားရတဲ့ မြန်မာစစ်ကောင်စီကလွဲလို့ အာဆီယံအဖွဲ့ဝင်ကိုးနိုင်ငံက ခေါင်းဆောင်တွေနဲ့ အာဆီယံအတွင်းရေးမှူးချုပ်၊ ဩစတြေးလျဝန်ကြီးချုပ်၊ တီမောလိစ်ဝန်ကြီးချုပ်တို့ တက်ရောက်ခဲ့ကြပါတယ်။
လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ (HRW)က စစ်ကောင်စီကို ပြင်းပြင်းထန်ထန်အရေးယူဒဏ်ခတ်ပိတ်ဆို့ဖို့ ဒီအစည်းအဝေးမစတင်ခင်မှာ ကြေညာချက်ထုတ်ပြန်တောင်းဆိုခဲ့တဲ့အပြင် ဩစတြေးလျရောက် မြန်မာနိုင်ငံသားတွေကလည်း စစ်ကောင်စီကို အရေးယူဖို့ မဲလ်ဘုန်းမြို့မှာ ဆန္ဒပြတောင်းဆိုတာတွေရှိခဲ့ပါတယ်။