စစ်ကိုင်းတိုင်း အရာတော်မြို့နယ် မြေနက်ကျေးရွာလမ်းဆုံအနီးက ယာခင်းပိုင်ရှင် ၃ဦးကို နိုဝင်ဘာ ၁၁ ရက်နေ့ ညနေက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတို့ ဖမ်းဆီးသွားတယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
အဲဒီလမ်းဆုံအနီးမှာ ဖြတ်သန်းသွားလာနေတဲ့ ကားဆိုင်ကယ်တွေကို တားဆီးစစ်ဆေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ အနီးမှာ မိုင်းတွေ တွေ့လို့ဆိုပြီး ယာခင်းပိုင်ရှင် သုံးဦးကို ငွေတွင်းကျေးရွာကို ဖမ်းဆီးခေါ်ဆောင်သွားတာလို့ သူက ပြောပါတယ်။
အဲဒီနေရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတို့ ပူးပေါင်းပြီး ကားဆိုင်ကယ်တွေကို တားဆီး စစ်ဆေးကာ ငွေကြေးတောင်းခံနေတာလို့ ဒေသခံတွေက ပြောပါတယ်။
ဖမ်းဆီးခံရသူတွေဟာ ကိုဖိုးတုတ်၊ ကိုဝင်းခိုင်နဲ့ ကိုချပ်ပြားတို့ ဖြစ်ပါတယ်။
ဒီဒေသခံ သုံးဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဖမ်းဆီးသွားတယ်ဆိုတဲ့ ဒေသခံတွေ ပြောဆိုချက်နဲ့ ပတ်သက်လို့ စစ်ကောင်စီ လက်အောက်ခံ စစ်ကိုင်းတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးအေးလှိုင်ကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံ ဖြေကြားတာ မရှိပါဘူး။