မန္တလေးက တောင်သူလယ်သမားအရေးလှုပ်ရှားသူ ကိုအေးသိန်း ထောင် ၂၁ နှစ် ထပ်ချခံရ

2022.10.07
မန္တလေးက တောင်သူလယ်သမားအရေးလှုပ်ရှားသူ ကိုအေးသိန်း ထောင် ၂၁ နှစ် ထပ်ချခံရ မန္တလေးတိုင်း၊ အမရပူရမြို့နယ်မှ တောင်သူလယ်သမားအရေး လှုပ်ရှားသူ ကိုအေးသိန်းကို တွေ့ရစဉ်။
Photo: Citizen Journalist

မန္တလေးတိုင်း၊ အမရပူရမြို့နယ်က တောင်သူလယ်သမားအရေး လှုပ်ရှားသူ ကိုအေးသိန်းဟာ အောက်တိုဘာလ ၆ ရက် မနေ့က မန္တလေးခရိုင်တရားရုံးကနေ ထောင်ဒဏ် ၂၁ နှစ် ချမှတ် ခံလိုက်ရတယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ကိုအေးသိန်းဟာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ - ၅၀(ည) အတွက် ထောင်ဒဏ် ၁၃ နှစ်၊ ပုဒ်မ - ၅၁(ဂ) အတွက် ထောင်ဒဏ် ရှစ်နှစ်ကို သီးခြားစီကျခံဖို့ အမိန့်ချခံရတာလို့ အမည်မဖော်လိုတဲ့ မိသားစုနဲ့ နီးစပ်သူ တစ်ဦးက RFA ကို ပြောပါတယ်။

"ပုဒ်မ တပ်ခံထားရတာ သုံးခုပါ။ အဲဒီထဲက ပုဒ်မ - ၅၀၅ (က) အတွက် မေလက ထောင်သုံးနှစ် ချမှတ်ပြီးပြီ။ မနေ့က ၂၁ နှစ် ထပ်ချတယ်။ စုစုပေါင်း ၂၄ နှစ်ပေါ့လေ။ ဒီသုံးမှုက အကုန်ပါပဲ။ ထပ်ရင်ဆိုင်နေရတဲ့ ပုဒ်မ မရှိတော့ဘူး။ ဖမ်းဆီးခံရချိန် ကတည်းက အိုးဘိုထောင်ကို ရောက်သွားတာပဲ။ ကျန်းမာရေးလည်း ကောင်းတယ်လို့ ကြားတယ်။ အစားအသောက်၊ ဆေးဝါးတော့ ပေးလို့ရနေတယ်"

ကိုအေးသိန်းဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ ၂၀ ရက်နေ့က တိမ်းရှောင်နေတဲ့ နေအိမ် အတွင်းမှာ ဖမ်းဆီးခံလိုက်ရတာဖြစ်ပြီးနောက် အချိန် ၁၄ လ အကြာမှာ အမိန့်ချမှတ် ခံရတာ ဖြစ်ပါတယ်။

အသက် ၄၀ ကျော်အရွယ် ကိုအေးသိန်းဟာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲ မှာ သပိတ်ကျင်းမြို့နယ်ကနေ တစ်သီးပုဂ္ဂလ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူတစ်ဦး ဖြစ်သလို စစ်အာဏာသိမ်းပြီးနောက်ပိုင်း အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့သူ တစ်ဦး ဖြစ်တယ်လို့လည်း မိသားစုနဲ့ နီးစပ်သူက ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ အောက်တိုဘာလ ၆ ရက် မနေ့က ထုတ်ပြန်ချက်မှာ ၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်ကနေ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်နေ့ထိ နိုင်ငံတစ်ဝန်းမှာ လူပေါင်း ၁၂,၅၇၆ ဦး ဖမ်းဆီးချုပ်နှောင် ခံထားရပြီး အဲဒီအထဲက လူပေါင်း ၁၅၀၅ ဦးဟာ ထောင်ဒဏ်အသီးသီး ချမှတ်ခံထားရတယ် လို့ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။