ဧရာဝတီနဲ့ ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ်အထက်မှာ ဆက်ရှိနိုင်


2017.07.16
ayeyarwaddy-river-level-620.jpg မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားတဲ့ ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်ပြဇယားကို တွေ့ရစဉ်
Photo: မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန/ Facebook

ဧရာဝတီမြစ်ရေနဲ့ ချင်းတွင်းမြစ်ရေတို့ဟာ စိုးရိမ်ရေမှတ်အထက်မှာ ဆက်ရှိနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။

နောက် ၃ ရက်အတွင်း မြစ်ရေဆက်တက်ဦးမှာဖြစ်တယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦး က ပြောပါတယ်။

"အပေါ်က ဧရာဝတီက ဆင်းလာတဲ့ရေရှိသေးတယ်။ ဆိပ်သာတို့ ဟင်္သာတတို့၊ သူတို့က နောက်ဆက်တက် ဦးမယ်ပေါ့နော်။ တစ်ရက်ကို သူတို့က ၁၀ နဲ့ ၁၅ စင်တီမီတာကြားမှာ ဆက်တက်နေတယ်ပေါ့နော်။ တက်နေတဲ့အတွက်ကြောင့်မို့လို့ သူတို့က နောက် ၃ ရက်အတွင်းကိုတော့ ၁ ပေလောက်အထိ ဆက် တက်နိုင်တဲ့ အနေထားလေးရှိပါတယ်။ သူတို့က စိုးရိမ်ရေမှတ်အထက်ကိုရောက်နေပြီ။ နောက်ထပ် ဆက်တက် မှာပေါ့နော်။ အခုတက်ထားတဲ့ ရေထက် နောက်ထပ် ဆက်တက်မှာ"

ဧရာဝတီဖြစ်ရေက ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ဟင်္သာတနဲ့ ဇလွန်မြို့တွေမှာလည်း စိုးရိမ်ရေအမှတ်ထက်ကျော် လွန်နေတာကြောင့် မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်း မှာ နေထိုင်သူတွေအနေနဲ့ သတိပြုကြဖု့ိ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ချင်းတွင်းမြစ်ရေဟာ မော်လိုက်၊ ကလေးဝ၊ မင်းကင်းနဲ့ မုံရွာမြို့တွေမှာတော့ စိုးရိမ်ရေမှတ်မှာ ဆက်ရှိနေ ပြီး နောက် ၃ ရက်လောက်မှာ ရေပြန်ကျနိုင် တယ်လို့လည်း ပြောပါတယ်။

ဟုမ္မလင်း၊ ခန္တီး၊ ဖောင်းပြင်နဲ့ ကနီမြို့နယ်တွေမှာတော့ မနက်ဖြန်ကစပြီး ရေကျတော့မယ်လို့လည်း သိရပါတယ်။

ချင်းတွင်းမြစ်ရေဟာ ခန္တီးမြို့နဲ့ ဟုမ္မလင်းမြို့တွေမှာ ရေပြန်ကျနေတာကြောင့် ကိုယ့်နေအိမ်ကို ပြန်နေကြ သူတွေလည်း ရှိတာကြောင့် ကယ်ဆယ်ရေးစခန်းတွေမှာ အိမ်ထောင်စုပေါင်း ၂ ထောင်ကျော်နဲ့ လူဦးရေပေါင်း ၈ ထောင်လောက် ကျန်နေသေးတယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာ ချထားရေးဦးစီးဌာန ညွန်ကြားရေးမှူး ဦးစဝီလီဖရန့်က ပြောပါတယ်။

ငဝန်မြစ်ရေဟာလည်း ငါးသိုင်းချောင်းမြို့မှာ စိုးရိမ်မှတ်ထက် ကျော်လွန်နေပြီး နောက် ၃ ရက်အတွင်း ဆက်တက်နိုင်တယ်လို့လည်း ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။