ဧရာဝတီတိုင်းမှာ NLD အစိုးရလက်ထက် တောင်သူချေးငွေတွေ ဖိအားပေးတောင်းယူခံနေရ
2023.12.07
ဧရာဝတီတိုင်းမှာ NLD အစိုးရလက်ထက်က ထုတ်ချေးထားတဲ့ စိုက်ပျိုးစရိတ်ချေးငွေ အကြွေးကျန်တွေကို ပြန်မဆပ်ရင် အရေးယူမယ်ဆိုပြီး စစ်ကောင်စီရဲ့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က နို့တစ်စာပို့ပြီး ဖိအားပေး တောင်းယူနေတယ်လို့ ဒေသခံတောင်သူတွေက RFA ကို ဒီနေ့ ပြောပါတယ်။
ဒါကြောင့် လယ်သမားတွေအနေနဲ့ ဖြစ်သလို ချေးငှားရှာကြံပြီး ပြန်ဆပ်ဖို့ ကြိုးစားနေရတယ်လို့ ဟင်္သာတမြို့နယ် ကျုံတုံးကျေးရွာအုပ်စုက လုံခြုံရေးအရ အမည်မဖော်လိုတဲ့ လယ်သမားတစ်ဦးက RFA ကို ပြောပါတယ်။
"၂၀၁၉ တို့ ၂၀၂၀ တို့က ကျန်တဲ့ငွေတွေကို သူတို့ကပြန်ရဖို့ နို့တစ်စာချပြီးတော့ ပြန် ပြန်တောင်းနေတာ။ အဲဒါတောင်းနေတော့ တောင်သူတွေကလည်း နို့တစ်စာရောက်ပြီဆိုတော့ ဆပ်နေကြရတာလေ။ တချို့ကလည်း ပြောမယ်ဆို ခြံတွေ ဘာတွေရောင်းပြီးမှ ဆပ်ရတဲ့လူတွေလည်း ရှိတာပေါ့။ နို့တစ်စာ ရောက်လာပြီဆိုတော့ လူတွေကလည်း မဖြစ်မနေဆပ်ရမယ်ဆိုတော့ တချို့ကလည်း ခြံလေးတွေ၊ မျိုးစပါးပေါ့။ တချို့ကလည်း အတိုးတွေနဲ့ဆွဲပြီး မရှိ ရှိတာ လုပ်ကိုင်ပြီး ဆပ်ကြရတယ်ပေါ့"
ချေးငွေတွေကို ပြန်ဆပ်ဖို့ ပြီးခဲ့တဲ့ နိုဝင်ဘာလကုန်ပိုင်းက ဖိအားပေးနေတာလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်က ဧရာဝတီတိုင်းမှာ လယ် ၁ ဧကကို စိုက်ပျိုး စရိတ်ချေးငွေ ကျပ်တစ်သိန်းခွဲစီနဲ့ လယ်သမားတစ်ဦးကို လယ် ၁၀ ဧကအထိ ထုတ်ချေးပေးခဲ့တာပါ။
ဧရာဝတီတိုင်း ကန်ကြီးဒေါင့်မြို့နယ်မှာတော့ စိုက်ပျိုးစရိတ်ချေးငွေတွေကို အရင်က နှစ်စဥ်ပုံမှန် တောင်းနေကျ ဖြစ်ပေမယ့် အခုနှစ်မှာတော့ အုပ်ချုပ်ရေးမှူးတွေကတစ်ဆင့် မဖြစ်မနေပေးဖို့ တောင်းယူနေတယ်လို့ ဒေသခံ လယ်သမားတစ်ဦးက RFA ကို ပြောပါတယ်။
"နှစ်တိုင်းတော့ သိပ်မတောင်းဘူး။ ဒီနှစ်မှ အတင်းတောင်းလာတာ တွေ့တယ်။ နည်းနည်းတင်းတင်းကျပ်ကျပ် တောင်းလာတယ်။ မဖြစ်မနေ ဆပ်ရမယ်ပေါ့။ အရစ်ကျနဲ့ပေါ့။ ဆယ်သိန်းရှိတဲ့သူက ငါးသိန်းလောက်ဖြစ်ဖြစ်၊ သုံးသိန်းလောက်ဖြစ်ဖြစ် အဲလိုသွင်းလို့ရတယ်"
ကန်ကြီးဒေါင့်မြို့နယ်မှာတော့ လယ်သမားတွေအနေနဲ့ ပျက်စီးဆုံးရှုံးမှုများသလို ကုန်စျေးနှုန်းကြီးမြင့်မှုကြောင့် စိုက်ပျိုးစရိတ်ချေးငွေ ပြန်ဆပ်ဖို့အခက်အခဲရှိနေသူတွေများတယ်လို့ အဲဒီဒေသခံ လယ်သမားက ပြောပါတယ်။
လပွတ္တာမြို့နယ် ဘုန်းကြီးကုန်းကျေးရွာအုပ်စုမှာလည်း ပြီးခဲ့တဲ့သြဂုတ်လက လယ်သမားချေးငွေတွေပြန်ဆပ်ဖို့ နဲ့ ပြန်မဆပ်ရင် တရားစွဲမယ်ဆိုပြီး သတိပေးခြိမ်းခြောက်မှုတွေ ရှိခဲ့ပေမယ့် လက်ရှိအချိန်အထိတော့ တရားစွဲဆို တာမျိုးတွေ မလုပ်သေးဘူးလို့ ချေးငွေယူထားတဲ့ ဒေသခံလယ်သမားတစ်ဦးက RFA ကို ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီရဲ့ ဧရာဝတီတိုင်းပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးအောင်သိန်းဝင်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်းမရှိပါဘူး။
ဧရာဝတီတိုင်းမှာ အခုနှစ်အတွင်း ရာသီဥတုဖောက်ပြန်လို့ သီးနှံပျက်စီးမှုများတာ၊ ကုန်စျေးနှုန်း ကြီးမြင့်လို့ စိုက်ပျိုးစရိတ်တွေ မြင့်တက်လာတာကြောင့် အခက်အခဲတွေဖြစ်နေချိန် စိုက်ပျိုးစရိတ်ချေးငွေတွေကိုပါ ဖိအားပေးတောင်းယူနေတာကြောင့် အခက်အခဲတွေနဲ့ ကြုံတွေ့နေရတယ်လို့ ဒေသခံတောင်သူတွေက RFA ကို ပြောပါတယ်။
ဧရာဝတီတိုင်းဟာ မြန်မာနိုင်ငံမှာ ဆန်စပါးအများဆုံးထွက်ရှိသလို ၂၀၂၂-၂၀၂၃ ခုနှစ် ဇူလိုင်လမှာ မိုးစပါးစိုက်ဧက ၁ ဒသမ ၆ သန်း စိုက်ပျိုးခဲ့ပြီး ၂၀၂၃ ဇန်နဝါရီလမှာတော့ နွေစပါး ၁ ဒသမ ၂ သန်းကျော် စိုက်ပျိုးခဲ့တယ်လို့ စားသုံးသူရေးရာ ဦးစီးဌာနရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။