နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ဖို့ ကုလ အတွင်းရေးမှူးချုပ် တောင်းဆို
2010.09.28
၂၀၁၀ ခုနှစ် သြဂုတ်လ ၉ ရက်နေ့က နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ် သတင်းစာရှင်းလင်းပွဲတခုတွင် တွေ့ရသည့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း။ (UN Photo/Paulo Filgueiras)
UN Photo/Paulo Filgueiras
နယူးယောက်မြို့ ကုလသမဂ္ဂ ဌာနချုပ်မှာ ကျင်းပခဲ့တဲ့ အတွင်းရေးမှူးချုပ်ရဲ့
မြန်မာ့မိတ်ဆွေနိုင်ငံများ အစည်းအဝေးအပြီး ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ နိုဘယ်လ်
ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားအားလုံး ရွေးကောက်ပွဲမတိုင်ခင်
လွှတ်ပေးဖို့ စစ်အစိုးရကို ဘန်ကီမွန်းက တောင်းဆိုလိုက်ပါတယ်။
ဒီအချက်ဟာ ရွေးကောက်ပွဲကို အများက ယုံကြည်လက်ခံနိုင်ဖို့နဲ့ မြန်မာနိုင်ငံ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မရှိမဖြစ် လိုအပ်တဲ့အချက် ဖြစ်တယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ပြောသွားပါတယ်။
ဒါအပြင် ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ သူ့ရဲ့သဘောထားကို မြန်မာစစ်အစိုးရဆီ တိုက်ရိုက် အကြောင်းကြားပြီးပြီလို့လည်း ဘန်ကီးမွန်းက ဆိုပါတယ်။
မြန်မာ့မိတ်ဆွေနိုင်ငံများအဖွဲ့ အစည်းအဝေးကနေ လက်ရှိမြန်မာနိုင်ငံရဲ့ အခြေအနေတွေကို ဆန်းစစ် သုံးသပ်ခဲ့ကြပြီး၊ အသွင်ကူးပြောင်းရေး အောင်မြင်ဖို့၊ ယုံကြည်ရ စိတ်ချရတဲ့ ဒီမိုကရေစီ အရပ်သားအစိုးရ ပေါ်ထွန်းလာဖို့ ကူညီနိုင်မဲ့ နည်းလမ်းတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ဘန်ကီးမွန်းက ပြောပါတယ်။
အထူးသဖြင့် အိမ်နီးချင်းနိုင်ငံတွေကနေ မြန်မာ့အရေး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ရုံးရဲ့ကြားဝင် ဆောင်ရွက်မှုကို ဆက်လက် ထောက်ခံ အားပေးကြတယ်လို့လည်း ဘန်ကီမွန်းက သတင်းထောက်တွေကို ပြောသွားပါတယ်။









