ဘန်ကောက်မြို့ (Ratchaprarop) ရပ်ချာပါရပ်လမ်းမပေါ်မှာရှိတဲ့ ကလျာဏ မြန်မာစားသောက်ဆိုင်မှာ စစ်ဘေးဒုက္ခသည်တွေအတွက် ရန်ပုံငွေပန်းချီကားရောင်းချပွဲကို မနေ့က စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ထိုင်းဘတ်ငွေ ၅ဝဝဝ ကနေ ၃ဝဝဝဝ အထိဈေးနှုန်းတွေ သတ်မှတ်ထားတဲ့ ပန်းချီကား ၁၄ ကားကို ပြသထားပါတယ်။
ဒီရောင်းချပွဲကနေ ရရှိငွေတစ်ဝက်ကို ထိုင်းနိုင်ငံရောက် မြန်မာစစ်ဘေးဒုက္ခသည်တွေအတွက် လှူဒါန်းမယ်လို့ ကလျာဏ စားသောက်ဆိုင်ပိုင်ရှင် မအေးစုနန္ဒာလွင် က RFA ကိုပြောပါတယ်။
“ ညီမကတော့ ညီမတို့ ပြည်သူပြည်သားတွေ အားလုံး တန်းတူလေး အဆင်ပြေစေချင်ပါတယ်။ ညီမအနေနဲ့ အဆင်ပြေနေတဲ့သူ တစ်ယောက် ဆိုပေမယ့် တစ်ဖက်တစ်လမ်းမှာ မဆင်မပြေတဲ့သူတွေလည်း ရှိတယ်။ ဒီစစ်ဘေးဒုက္ခသည်တွေကို ကင်းလွတ်စေချင်တယ်။ ညီမတို့အနေနဲ့ တစ်ဖက်တစ်လမ်းက ကူညီခွင့်ရမယ်ဆိုရင် သူတို့အနေနဲ့ နည်းနည်းပါးပါး အဆင်ပြေလာမယ်ဆိုတဲ့ စိတ်ကလေး ရှိတယ်။”
ကလျာဏကို ပူးတွဲတည်ထောင်သူတစ်ဦးဖြစ်တဲ့ Guku(ဂူကူး) ကလည်း မကြာခင်က သူတို့သွားရောက်ကြည့်ရှုခဲ့တဲ့ စစ်ဘေးရှောင်စခန်းတစ်ခုကို ကူညီဖို့ စီစဉ်နေတယ်လို့ ပြောပါတယ်။
“ထိုင်းမှာလည်း သူတို့ ဘဝတွေ ဆက်လက်ရှင်သန်ရေးအတွက် ထိုင်းအစိုးရက အခွင့်အလမ်းတွေ ချပေးထားတယ်။ သင့်တင့်မျှတတဲ့ ဟာကို လုပ်ပေးထားတယ်။ ဒါပေမဲ့ ကျနော်တို့ လူမျိုးအချင်းချင်းပြန်ကြည့်ရမှာက ဘာလဲဆိုတော့ သူတို့ လုပ်ကိုင်မစားတတ်ဘူး။ သူတို့ရွာကို လာတဲ့သူတွေကို သူတို့ ပစ္စည်းလေးတွေ တင်ရောင်းသလို Local တွေက တင်ရောင်းခိုင်းတာလည်း ရှိတယ်။ ဒီပစ္စည်းလေးတွေပဲ ရောင်းပြီး သူတို့က ဝယ်ယူသူလာမှာကို စောင့်နေရတယ်။ ဧည့်သည်ကို စောင့်နေရတဲ့ သူတို့အတွက် Long Term အဆင်မပြေဘူး။ သူတို့လုပ်တတ်ကိုင်တတ်တဲ့ အစီစဉ်တွေဆိုတာက ကျနော်တို့ ဦးဆောင်ပေးသွားတော့မှ သူတို့ဘဝ မြင့်တက်သွားမယ်။ အဲ့ဒါကိုရည်ရွယ်ပြီး သူကြီးနဲ့ စကားပြောဖြစ်တယ်။ ဒီဆပ်ပလိုင်းတွေ လာပေးတာတော့ ဟုတ်တယ်။ ဒါပေမယ့် ဒါက ယာယီ။ ရေရှည်အတွက် စဉ်းစားတာက ဒီရွာလေးကို ပရိုမိုဘယ်လိုလုပ်မှာလဲ။ အခြေချလာသူတွေကို ရွေးချယ်မှု ဘယ်လိုပေးမှာလဲ။ ကလေးတွေကို ယဉ်ကျေးမှုနဲ့ ပတ်သက်တဲ့ အရာတွေကို ဘယ်လိုမျိုး ထိန်းသိမ်းပေးမလဲ။ ဘာသာစကားပေါ့နော်။ ဒါမျိုးလေးတွေကို ကျနော်တို့က တစ်စတစ်စချင်း စီစဉ်ပေးနိုင်မယ်လို့ ထင်တယ်”
ပုဂံဘုရားပုံပန်းချီကားကို မနေ့က ဝယ်ယူသွားခဲ့သူကတော့ မြန်မာပြည် ဒီမိုကရေစီပြန်လည်ရရှိရေးလှုပ်ရှားသူ မဖြူသဇင်ဦး ဖြစ်ပါတယ်။
“ဘာကြောင့် အားပေးရလဲဆိုတော့ ဒီပန်းချီကားဟာ မြန်မာ့ရဲ့အမွေအနှစ်လည်း ဖြစ်တယ်။ပန်းချီကားကို အားပေးရခြင်းမှာ သူတို့ဆိုင်ရဲ့ ကိုယ်ကျိုးမပါဘူး မြန်မာနိုင်ငံကနေ ရှောင်ပြေးလာရတဲ့ စစ်ဘေးရှောင်အတွက်လည်းထောက်ပံ့ပေးတဲ့ သဘောလည်းဖြစ်တယ်ပေါ့။”
မအေးစုနန္ဒာလွင်ကို အခုလို လူမှုရေးကိစ္စတွေ ဆောင်ရွက်တဲ့အတွက် စီးပွားရေးအရ ထိခိုက်နစ်နာမှု တစ်စုံတစ်ရာမရှိနိုင်ဘူးလားလို့ RFA ကမေးမြန်းခဲ့ပါတယ်။
“ညီမတို့မှာ စီးပွားရေး နစ်နာတာမျိုးမရှိပါဘူး။ ညီမတို့ ဒီလူမှုရေးဘက်မှာ ထဲထဲဝင်ဝင် ပါဝင်တဲ့ အတွက် ထိုင်းရောက်ညီမတို့မြန်မာပြည်သူတွေက ညီမတို့ကို ပိုပြီး အားပေးတာ ရှိပါတယ်။ လူမှုရေးလုပ်တာက ပွင့်ပွင့်လင်းလင်းပြောရရင် ဒီကာလ နှစ်နှစ် နီးပါးပဲ ရှိပါသေးတယ်။ နောက်ထပ်လည်း ဒီလိုမျိုး ပန်းချီပြပွဲလေးတွေ ဆက်ပြီးတော့ လုပ်သွားဖို့ရှိပါတယ်။ ဒီပန်းချီပြပွဲမှာ ပန်းချီလေးတွေကို မြတ်နိုးတဲ့သူတွေ ပန်းချီချစ်မြတ်နိုးသူတွေ လာရောက်ပြီးတော့ ဝယ်လို့ရှိရင် ရလာတဲ့ ဒီငွေလေးတွေကို လူမှုရေးပိုင်းတွေမှာ ပြန်လည်သုံးစွဲသွားမှာဖြစ်တဲ့အတွက် ညီမတို့နဲ့အတူတူ ဒီပန်းချီကားလေးတွေ လာရောက်ပြီးတော့ အားပေးကြဖို့ ဖိတ်ခေါ်ချင်ပါတယ်။ ညီမတို့က ဒီလူမှုရေးနဲ့ပတ်သက်ပြီး ရှေ့လျှောက် ပြီးတော့လည်း အမြဲတစေ လုပ်သွားမှာဖြစ်ပါတယ်။ ကိုယ့်မြန်မာပြည် တိုးတက်ဖို့ ညီမတို့ တစ်ဖက်တစ်လမ်းကနေပြီး အစွမ်းကုန်ဆောင်ရွက်သွားမှာပါ။”
မနေ့က လာရောက်ကြည့်ရှုသူတွေက ဘတ်ငွေ ၁၅ဝဝဝ စီ တန်ဖိုးသတ်မှတ်ထားတဲ့ ပန်းချီကား လေးကားကို ဝယ်ယူသွားတဲ့အတွက် ဘတ်ငွေ ၆ဝဝဝဝ ရရှိတယ်လို့ သိရပါတယ်။ ဘန်ကောက်မြို့က ဒီ ရန်ပုံငွေပန်းချီကား ရောင်းချပွဲကို သုံးရက်ကြာ ကျင်းပမှာဖြစ်ပါတယ်။ ။