ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးရာကျော်ကို ပြန်ပို့

RFA Burmese
2024.02.15
ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးရာကျော်ကို ပြန်ပို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးဝင်ရောက်သွားသည့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များအား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့က နှစ်နိုင်ငံ အစိုးရ တွေ့ဆုံလွှဲအပ်စဉ်။
Citizen Journalist

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ ရက္ခိုင့်တပ်တော် (AA) ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးဝင်ရောက်သွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင် စုစုပေါင်း သုံးရာကျော်ကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက မြန်မာဘက်ကို ပြန်လွှဲပေးလိုက်တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေက ပြောပါတယ်။

သူတို့ကို ရေလမ်းကြောင်းကနေတစ်ဆင့် လွှဲပေးလိုက်တာ ဖြစ်ပါတယ်။ အဲဒီ လွှဲပြောင်းပေးအပ်ပွဲကို မြန်မာဘက်မှ စစ်ကောင်စီအဖွဲ့ဝင် ငါးဦးနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ် ဦးအောင်ကျော်မိုးတို့ တက်ရောက်ခဲ့ပြီး ကော့ဘာဇာခရိုင်နယ်ခြားစောင့်ရဲ BGB တပ်ဖွဲ့က ကြီးကြပ် လွှဲအပ်ပေးခဲ့တာလို့ အဲဒီနိုင်ငံမှာခိုလှုံနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တစ်ဦးက RFA ကိုပြောပါတယ်။

"ကိုယ်စားလှယ်အဖွဲ နယ်ခြားစောင့်ရဲတပ်ဖွဲ့က ရဲမှူးကြီးတစ်ဦး အပါအဝင် ငါးဦးပေါ့နော်။ သူတို့ ငါးဦး ရောက်လာတယ်လို့ ကျွန်တော်တို့သိရတယ်။ နောက်ပြီးတော့ သံအမတ် ဦးအောင်ကျော်မိုး ဘင်္ဂလာဘက်က နယ်ခြားစောင်းရဲ အကြီးအကဲနဲ့ တွေ့ဆုံပြီး လွှဲခဲ့တာလို့ ကျွန်တော်တို့ သိရတယ်"

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းကို ထွက်ပြေးလာတဲ့အထဲမှာ စစ်ကောင်စီ အမှတ် (၂) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ တပ်ရင်းမှူး ဒုတိယရဲမှူးကြီး ကျော်နိုင်စိုးအပါအဝင် တပ်ဖွဲ့ဝင် ၃၀၂ ဦး၊ မိသားစုဝင် လေးဦး၊ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦး၊ လူဝင်မှုကြီးကြပ်ရေးအရာရှိ ၁၈ ဦးနဲ့ အရပ်သားလေးဦး စုစုပေါင်း ၃၃၀ ဦးဖြစ်ပါတယ်။

အဲဒီ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မြန်မာ - ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာရှိတဲ့ တောင်ပြိုလက် (ဝဲ) ဗျူဟာကုန်းကို ရက္ခိုင့်တပ်တော် (AA) က ဖေဖော်ဝါရီလ ပထမအပတ်မှာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့စဉ် လက်နက်ချ အညံ့မခံဘဲ နယ်စပ်ဖြတ်ကျော် ထွက်ပြေးသွားခဲ့ကြတာပါ။

AA ရဲ့ ထိုးစစ်ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးခိုလှုံသွားပြီးနောက် တစ်ပတ်ကျော်အကြာမှာ အခုလိုနှစ်နိုင်ငံ အစိုးရချင်းချိတ်ဆက်ပြီး ရေကြောင်းက ပြန်လည်လွှဲပြောင်းပေးတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။