စစ်ကိုင်းတိုင်း ဗန်းမောက်မြို့နယ်မှာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေနဲ့ စစ်ကောင်စီတပ်တွေ အောက်တိုဘာ ၄ ရက်နေ့ကနေ ၁၂ ရက်နေ့ထိ ကိုးရက်ကြာ တိုက်ပွဲ ပြင်းထန်ခဲ့ပြီး PDF ရဲဘော်ခြောက်ဦး သေဆုံးပြီး စစ်ကောင်စီဘက်ကလည်း ထိခိုက် သေဆုံးမှုတွေ ရှိခဲ့တယ်လို့ အင်းတော် PDF က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
အင်းတော်မြို့နယ်နဲ့ ဗန်းမောက်မြို့နယ်အစပ် ဗန်းမောက်မြို့နယ်ထဲက နားမော်၊ ကျောက် အိုင်၊ ပေပင်၊ စီးမော်၊ သောင်ကြီး စတဲ့ကျေးရွာတွေမှာဖြစ်ပွားခဲ့တာလို့ အင်းတော် PDF က တာဝန်ရှိသူက ပြောပါတယ်။
“တိုက်ပွဲစဖြစ်လာတာက အချင်းချင်းထိတွေ့မှုကနေစတာ။ မနေ့ကအထိ ကိုးရက်ဆက်တိုက် ဖြစ်တာ။ ၁၁ ရက် နေ့မနက် နားမော်မှာဖြစ်တဲ့ တိုက်ပွဲမှာ ကျနော်တို့ စစ်ကိုင်းအထူးတပ်က ခြောက်ယောက်ကျသွားတယ်။ စကစ ဘက်ကတော့ အတိအကျမသိဘူး။ ကျနော်တို့က အင်အားပဲ ရေတာ။ ပထမ သူတို့ ၃၀၀ ကျော်ရှိတယ်။ အခုက ၁၀၀ ကျော်ပဲရှိတော့တယ်။ အခု စကစတွေက ဒယူး ကျေးရွာမှာရောက်နေတယ်”
တိုက်ပွဲဖြစ်ပွားခဲ့တဲ့ အောက်တိုဘာ ၄ ရက်နဲ့ ၆ ရက်နေ့တွေမှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တာတွေလည်း ရှိခဲ့တယ်လို့လည်း Banmauk Revolution (BR) က သတင်းထုတ်ပြန်ထားပါတယ်။
အောက်တိုဘာ ၄ ရက်နေ့ညမှာ ဗန်းမောက်ရဲစခန်းကို PDF ပူးပေါင်းတပ်တွေက သွားရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီရဲတွေ ၁၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့လည်း ဆိုပါတယ်။
အောက်တိုဘာလ ၉ ရက်နေ့က တောထဲ ဟင်းသွားရှာတဲ့ ကျောက်တန်းကျေးရွာက အသက် ၁၀ နှစ်အရွယ် မဖွေးဖွေးခိုင်နဲ့ အသက်၂၀ အရွယ် မရင်ဌေးတို့ နှစ်ဦးဟာ စစ်ကောင်စီတပ်တွေ ထောင်ထားတဲ့ မြေမြှုပ်မိုင်းနင်းမိလို့ သေဆုံးခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဒီထုတ်ပြန်ချက်ပါ အချက်အလက်တွေနဲ့ ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည်ပြု နိုင်ခြင်း မရှိသေးပါဘူး။
အောက်တိုဘာလ ၇ ရက်နေ့က ဗန်းမောက်မြို့နယ် စီးမော်ကျေးရွာက နေအိမ် ၂၆ လုံးကို စစ်ကောင်စီ တပ်သားတွေက မီးရှို့ခဲ့သလို လေကြောင်းကနေ တိုက်ခိုက်ချိန် သောင်ကြီး ကျေးရွာက နေအိမ် ခုနစ်လုံးလည်း ပျက်စီးသွားတယ်လို့ အင်းတော်မြို့နယ် PDF တပ်ဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။
ဒီပြောဆိုချက်တွေအပါအဝင် အချိန် ကိုးရက်ကြာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောရေးဆိုခွင့်ရ လူမှုရေးဝန်ကြီး ဦးအေးလှိုင်ကို RFA က ဒီနေ့ ဖုန်းနဲ့ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် အကြောင်း မပြန်ပါဘူး။