ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့မှာ မေလ ၅ ရက် မနေ့ညပိုင်းလောက်က ကွတ်ခိုင်မြို့အဝင် ကောင်းခါး လမ်းခွဲအနီးက စစ်ကောင်စီ ကင်းစခန်းမှာ မြောက်ပိုင်းမဟာမိတ်ပူးပေါင်းတပ်တွေ တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။
ည ၇ နာရီခွဲလောက်က စတင်ဖြစ်ပွားတာဖြစ်ပြီး အဲဒီကင်းစခန်းတဲတွေ မီးလောင်နေတာ၊ ကုန်တင်ကားနဲ့ ခရီးသည်ကားတွေ ထိခိုက်ပျက်စီးတာ၊ မပေါက်ကွဲသေးတဲ့ လက်နက်အချို့ကို ဒီမနက်ပိုင်းမှာ တွေ့ရတယ်လို့ ကွတ်ခိုင်ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
မေလ ၄ ရက်နေ့ကတည်းက ကွတ်ခိုင်မြို့မှာ စစ်ကောင်စီတပ်တွေနဲ့ မြောက်ပိုင်းမဟာမိတ်တပ်တွေ ဖြစ်တဲ့ ကချင်လွတ်မြောက်ရေးတပ် KIA တအာင်းပလောင် အမျိုးသားလွတ်မြောက်ရေးတပ် TNLA နဲ့ ကိုးကန့်အဖွဲ့ MNDAA ပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပါတယ်။
မန်လုံ မန်ဘန်ရွာဘက်မှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က ခလရ ၉ တပ်က အရာရှိတွေ အပါအဝင် ကျဆုံးသူတွေရှိသလို စစ်လက်နက်ပစ္စည်းတွေလည်း သိမ်းဆည်းရမိတယ်လို့ MNDAA ကိုးကန့်တပ်ဖွဲ့က မနေ့က သတင်းထုတ်ပြန်ပါတယ်။
စစ်ကောင်စီဘက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးကတော့ ကွတ်ခိုင်မှာ တိုက်ပွဲဖြစ်ပွားတာနဲ့ ပတ်သက်ပြီး ဒီကနေ့မနက်ပိုင်းအထိ သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။
မေလ ၄ ရက်နေ့က တိုက်ပွဲကြောင့် ကွတ်ခိုင်မှာ အရပ်သားငါးဦး ထိခိုက်ဒဏ်ရာရသလို ကျေးရွာနဲ့ မြို့ပေါ် ရပ်ကွက်က နေအိမ်အချို့ လက်နက်ကျည်ထိမှန်ပျက်စီးတာတွေ ရှိခဲ့ပါတယ်။
မေလ ၆ ရက်နေ့ ဒီကနေ့အထိ ကွတ်ခိုင်မြို့မှာ စစ်ကောင်စီတပ်နဲ့ မြောက်ပိုင်းတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ စစ်ရေးတင်းမာနေဆဲပဲလို့ ကွတ်ခိုင်ဒေသခံအချို့က ပြောပါတယ်။