ကလေးမြို့ပေါ်မှာ တိုက်ပွဲဖြစ်

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ တာဟန်းရပ်ကွက် ဗိုလ်ချုပ်လမ်းပေါ်မှာရှိတဲ့ နေကြာတိုက် အနီးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို နိုဝင်ဘာလ ၁၆၊ မနေ့ည ၆ နာရီ ၀န်းကျင်က ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

လက်နက်ကြီး ပစ်ခတ်သံ ငါးကြိမ်ထက်မနည်း ကြားခဲ့ရသလို သေနတ်သံတွေလည်း ဆက်တိုက်ကြားခဲ့ရတယ်လို့ အနီးအနားမှာနေထိုင်တဲ့ လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောပါတယ်။

"မနေ့ညကတော့ လက်နက်ကြီးသံတွေရော၊ သေနတ်သံတွေရော ကြားရတယ်။ ဆက်တိုက်ပဲ။ ကိုယ့်လာထိမှာစိုးလို့ ၀ပ်နေရတာပေါ့ဗျာ"

မနေ့က တိုက်ပွဲမှာ စစ်ကောင်စီတပ်က နှစ်ဦးသေဆုံးပြီး စစ်ကောင်စီတပ်ရဲ့ တောင်ဖီလာတောင်အခြေစိုက်စခန်းကနေ လက်နက်ကြီးတွေနဲ့ ပစ်ကူပေးခဲ့တယ်လို့ ချင်းဒေသကာကွယ်ရေးအဖွဲ့ CNDF က ပြောပါတယ်။

အဲဒီတိုက်ပွဲမှာ ကလေးမြို့ ဒေသကာကွယ်ရေးပူးပေါင်းတပ်မှ Chin National Defense Force (CNDF), Underground (UG), ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ Kalay-Kanbaw-Gangaw (KKG) တို့ပါ၀င်ခဲ့ပြီး ပူးပေါင်းအဖွဲ့တွေဘက်က အထိအခိုက်မရှိဘူးလို့ ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီ တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထားခြင်းမရှိသေးသလို ထိခိုက်မှုအခြေအနေ ပြောဆိုချက်နဲ့ပတ်သက်လို့ RFA က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

မနေ့ညက တိုက်ပွဲကြောင့် ကလေးမြို့မှာ စစ်ကောင်စီတပ်က အစစ်အဆေးတွေကို တင်းတင်းကျပ်ကျပ် လုပ်ဆောင်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။