သံတောင်ကြီးမြို့မှာ တိုက်ပွဲဖြစ်နေလို့ ဒေသခံ သုံးရာကျော် ထွက်ပြေးနေရ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့မှာ နိုဝင်ဘာလ ၉ ရက်၊ ဒီနေ့မနက် ၄ နာရီခွဲကစပြီး နှစ်ဖက်တိုက်ပွဲ ဖြစ်နေတာကြောင့် ဒေသခံ သုံးရာကျော် ဘေးလွတ်ရာ ထွက်ပြေး နေရတယ်လို့ သံတောင်ကြီးမြို့ခံတွေက RFA ကိုပြောပါတယ်။

သံတောင်ကြီးမြို့၊ အမှတ် (၁) ရပ်ကွက်မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ ရေတာကုန်းစခန်းကို တော်လှန်ရေး လက်နက်ကိုင်အဖွဲ့အချို့ သွားရောက်တိုက်ခိုက်ရာကနေ နှစ်ဖက်တိုက်ပွဲ ဖြစ်ခဲ့ပြီး နေ့လယ် ၂ နာရီကျော်အထိ ပစ်ခတ်မှုတွေရှိနေဆဲလို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲဖြစ်နေလို့ သံတောင်ကြီးမြို့အတွင်းမှာ လူသွားလူလာမရှိသလို (၁) ရပ်ကွက်မှာ နေထိုင်သူတွေလည်း ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ လုံခြုံရေးအရ အမည် မဖော်လိုတဲ့ မြို့ခံတစ်ဦးက RFA ကိုပြောပါတယ်။

"မနက်အစောကြီးဖြစ်တာ။ ဖြစ်တော့ထွက်ပြေးရင်း အခုတော့ သားကလည်း ဘယ်ရောက်မှန်း မသိတော့ဘူး။ မျက်စိမမြင်တဲ့ ယောက္ခမလည်း ရှာမရသေးဘူး။ မြို့ထဲလည်း လူသွားလူလာမရှိတော့ သွားမရှာရဲဘူး။ ရပ်ကွက်ထဲက လူတွေကတော့ အကုန်လုံးပဲ လွတ်မယ့်နေရာတွေကို ထွက်ပြေးကြတာ။ တချို့ကလည်း တောထဲ ဝင်ပြေးကြတယ်။ တချို့လည်း မြို့ပေါ်အသိတွေအိမ် ပြေးကြရတယ်။ သေနတ်သံတွေ က အခုထိ ကြားနေရဆဲပဲ"

ရပ်ကွက်အတွင်း ပိတ်မိနေသူတချို့ရှိသလို လမ်းပေါ်တွေ့သူတွေကိုလည်း စစ်ကောင်စီ တပ်ဘက်က ဖမ်းဆီးနေတာကြောင့် လက်ရှိ နေ့လယ်အထိ ဒေသခံ သုံးဦး ဖမ်းဆီး ခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံအချို့ ဖမ်းဆီးခံရမှုနဲ့ပတ်သက်ပြီး RFA အနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။

သံတောင်ကြီးမြို့၊ အမှတ် (၁) ရပ်ကွက်ဟာ စစ်ကောင်စီတပ်ရဲ့ ဘုရင့်နောင်တပ်စခန်းနဲ့ အနီးဆုံးမှာရှိပြီး လက်ရှိတိုက်ခိုက်ခံရတဲ့ ရေတာစခန်းကုန်းကလည်း အဲဒီရပ်ကွက်အတွင်း မှာ ရှိနေတာလို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီစခန်းကုန်းကို ဘယ်အဖွဲ့တွေက သွားရောက်တိုက်ခိုက်ခဲ့သလဲ ဆိုတာတော့ ဒေသခံတွေအနေနဲ့ တိတိကျကျ မသိရသေးဘူးလို့ ဆိုပါတယ်။