ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၃) ထိန်းချုပ်နယ်မြေ ပဲခူးတိုင်း ညောင်လေးပင်ခရိုင်ထဲမှာ စက်တင်ဘာ တစ်လအတွင်း တိုက်ပွဲပေါင်း ၇၁ ကြိမ်ဖြစ်ပွားခဲ့ပြီး အရပ်သား သုံးဦး သေဆုံးခဲ့တယ်လို့ KNU က အောက်တိုဘာ ၆ ရက် ဒီနေ့ ထုတ်ပြန် ပါတယ်။
စက်တင်ဘာလအတွင်းမှာပဲ စစ်ကောင်စီတပ်က အရပ်သားတွေရှိတဲ့ ရပ်ရွာတွေထဲကို လက်နက်ကြီးနဲ့ပစ်လို့ ဒေသခံ နှစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရခဲ့သလို နောက်ထပ် ဒေသခံတစ်ဦးကိုတော့ သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ညောင်လေးပင်ခရိုင်ထဲမှာတော့ နေ့စဉ်လိုလို တိုက်ပွဲတွေဖြစ်ပွားနေပြီး တိုက်ပွဲပြင်းထန်တဲ့ နေရာတွေက ဒေသခံတွေ ရွာလုံးကျွတ် ထွက်ပြေးနေရတာရှိသလို လက်နက်ကြီးကြောင့် အရပ်သား ထိခိုက်သေဆုံးတာတွေလည်းရှိတယ်လို့ ကျောက်ကြီးမြို့နယ်က ဒေသခံ တစ်ဦးက ပြောပါတယ်။
"တိုက်ပွဲဖြစ်တဲ့နေရာတွေကတော့ ရွာလုံးကျွတ်တွေ ပြေးနေရတာ။ စစ်တပ်ကလည်း ဝင်လာမှာကြောက်တော့ ရွာကို ပြန်မကပ်ရဲကြသေးဘူး။ လက်နက်ကြီးကြောင့် ဒေသခံတွေ အသက်ဆုံးရှုံးရတာတွေလည်း ရှိတယ်"
စစ်ကောင်စီတပ်နဲ့ KNU ပူးပေါင်းတပ်တွေအကြား တိုက်ပွဲကြီး၊ တိုက်ပွဲငယ် ၇၁ ကြိမ်ထိ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူး ဗိုလ်ကြီးအဆင့်တွေ အပါအဝင် ၈၃ ဦး သေဆုံးခဲ့ပြီး ၈၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
KNU ပူးပေါင်းတပ်တွေဘက်ကတော့ သုံးဦး သေဆုံးပြီး၊ ၁၂ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ KNU က ပြောပါတယ်။
နှစ်ဘက်ထိခိုက်သေဆုံးမှု အရေအတွက်တွေနဲ့ ပတ်သက်လို့ RFA က သီးခြား အတည် ပြုနိုင်ခြင်း မရှိသေးပါဘူး။
စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ တိုက်ပွဲတွေနဲ့ပတ်သက်လို့ KNU ဘက်က ထုတ်ပြန်ချက်ပါ အချက်အလက်တွေဟာ မှန်ကန်မှုမရှိဘူးလို့ ယခင်က တုံ့ပြန် ပြောဆိုထားပါတယ်။
စစ်တင်ဘာလအတွင်းမှာပဲ ညောင်လေးပင်ခရိုင်ထဲက ကျေးရွာတချို့ကို စစ်ကောင်စီတပ် က လေကြောင်းကနေ သုံးကြိမ်တိုက်ခိုက်ခဲ့တယ်လို့ KNU က ပြောပါတယ်။
အာဏာသိမ်းပြီးနောက် ပဲခူးတိုင်းအရှေ့ခြမ်းက တိုက်ပွဲတွေကြောင့် အရပ်သား ၃၇,၇၀၀ ဦး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က အောက်တိုဘာလ ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။