မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်မှာရှိတဲ့ ဗိဿနိုး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးကို နိုဝင်ဘာလ ၁၅ ရက်နေ့မှာ စစ်ကောင်စီဘက်က ထောင်ဒဏ် စုစုပေါင်း ၂၀၃ နှစ် ချမှတ်လိုက်တယ်လို့ အဲဒီအဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
ဗိဿနိုးတပ်ဖွဲ့ဝင် ကိုအောင်ခန့်ဦး (ခ) ပါလေးကို နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ၊ ပေါက်ကွဲအက်ဥပဒေတွေနဲ့ တရားစွဲဆိုခဲ့ပြီး တောင်တွင်းကြီး မြို့နယ်တရားရုံးနဲ့ မကွေးခရိုင်တရားရုံးကနေ အမိန့်ချလိုက်တာလို့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ထန်ထွဋ်က RFA ကို ပြောပါတယ်။
"ကိုအောင်ခန့်ဦး အထဲရောက်ပြီးမှ ဗိဿနိုးအနေနဲ့ ဆက်လက်လုပ်ဆောင်ထားတဲ့ ဖြစ်စဉ်တွေကိုလည်း အမှုတွဲထဲ ထည့်ထားတယ်လို့ သိရတယ်ဗျ။ အဲဒါကြောင့် အမှုတွေကများပြီး နှစ်များသွားတာခင်ဗျ"
အသက် ၂၉ နှစ်အရွယ် ကိုအောင်ခန့်ဦးကို မကွေးခရိုင်တရားရုံးက အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ - ၅၀ (က)၊ ၅၁ - (ဂ)၊ ၅၂ - (က)၊ ပုဒ်မ - ၅၄ တို့နဲ့ စုစုပေါင်း ထောင် ၁၉၃ နှစ် ချမှတ်ခဲ့တာလို့ ဆိုပါတယ်။
ဒါ့အပြင် ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများဆိုင်ရာဥပဒေ ပုဒ်မသုံးခု၊ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ - ၅၀၅ (က) တို့နဲ့ တောင်တွင်းကြီးမြို့နယ်တရားရုံးကနေ ထောင် ၁၀ နှစ် ချမှတ်ခဲ့တယ်လို့လည်း သူက ဆက်ပြောပါတယ်။
လတ်တလောမှာတော့ ကိုအောင်ခန့်ဦး ကျန်းမာရေးကောင်းမွန်နေပြီး ရှေ့နေငှားပြီး ချေပခွင့်နဲ့ ထောင်ဝင်စာ ပို့ခွင့်တွေလည်း ရရှိခဲ့တယ်လို့ ဗိုလ်ထန်ထွဋ်က ပြောပါတယ်။
ကိုအောင်ခန့်ဦးဟာ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလအတွင်း မကွေးမြို့ပေါ်မှာပဲ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပြီး ဆယ်လကျော်အကြာ နိုဝင်ဘာလမှာ အပြီးသတ်အမိန့်ချခံလိုက်ရတာပါ။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၁ ရက်နေ့ကလည်း တောင်တွင်းကြီးမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ တိုင်းလွှတ်တော် ကိုယ်စားလှယ် အသက် ၅၂ နှစ်အရွယ် ဦးဝင်းမြင့်လှိုင်ဟာ စုစုပေါင်း ထောင် ၁၇၃ နှစ်အထိ ချမှတ်ခံခဲ့ရပါတယ်။
မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ် တော်လှန်ရေးအင်အားစု (WTRF) အဖွဲ့ဝင် ကိုကျော်သက် လည်း အောက်တိုဘာ ၂၆ ရက်နေ့က အလုပ်နဲ့ ထောင်ဒဏ် ၂၂၅ နှစ် ချမှတ်ခံခဲ့ ရတာကြောင့် အခုအမိန့်ချခံရတဲ့ ကိုအောင်ခန့်ဦးဟာ လူ့သက်တမ်းကျော်လွန်ပြီး နှစ်ရှည်ထောင်ဒဏ် ဒုတိယအများဆုံး ချမှတ်ခံရသူ ဖြစ်ပါတယ်။