တိုက်ပွဲကြောင့် ဗန်းမော်လေဆိပ် ရက်အကန့်အသတ်မရှိ ပိတ်

မြစ်ကြီးနား - ဗန်းမော်လမ်းပိုင်းမှာ တိုက်ပွဲပြင်းထန်နေပြီး ဗန်းမော်လေဆိပ်ကိုပါ လက်နက်ကြီးနဲ့ပစ်ခတ်ခံရတဲ့အတွက် မတ်လ ၇ ရက်နေ့ကစလို့ ဗန်းမော်လေဆိပ်ကို ရက်အကန့်အသတ်မရှိ ပိတ်ထားလိုက်ပြီလို့ လေယာဥ်လက်မှတ် အရောင်းကိုယ်စားလှယ်တစ်ဦးက RFA ကို ပြောပါတယ်။

“ဗန်းမော်လေဆိပ် မနေ့ကစပြီးတော့ ပိတ်ထားတယ်။ သူတို့ကတော့ ကွင်းပိတ်ထားတာ လေယာဥ်က ဘယ်ချိန်ပြန်ဆင်းဖို့လည်း မသေချာသေးဘူး။ cancel (ဖြတ်သိမ်း) ထားတဲ့ဟာတွေကိုလည်း ပြန်အစားထိုးဖို့ မသေချာသေးဘူး။ ပိုက်ဆံပဲ ပြန်အမ်းနေတယ်”

မတ်လ ၇ ရက်နေ့ မနက်ပိုင်းမှာ ဗန်းမော်လေဆိပ်ကို လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် လေဆိပ်မှာထိခိုက်မှုတွေရှိခဲ့လို့ ပိတ်လိုက်တာလို့လည်း ဗန်းမော်ဒေသခံတစ်ဦးက ပြောပါတယ်။

“မနေ့က လေယာဉ်ကွင်းကို ရှော့တိုက်ဒုံံးနဲ့လာပစ်တာ။ လမ်းကြောင်း နည်းနည်းပျက်သွားတယ်လို့ ပြောတယ်။ လေယာဥ်ကွင်း ပိတ်လိုက်တော့ အခုကျွန်တော်တို့က အရေးပေါ်သွားရမယ့်ဟာတွေ၊ ဖျားနားတဲ့သူတွေက အကုန်ခက်ခဲနေကြပြီ။ ဗန်းမော်-မြစ်ကြီးနား ကားလမ်းကလည်း မနှစ်ကတည်းက ပိတ်ထားတာ။ လက်နက်ကြီးတွေလည်း မနေ့က တစ်ညလုံးပစ်နေတယ်၊ အိပ်လို့တောင်မရဘူး”

မြစ်ကြီးနား-ဗန်းမော် ကားလမ်းကိုလည်း ၂၀၂၃ ခုနှစ် ဇူလိုင်လကတည်းက လိုင်ဇာအနီး နမ်ဆန်ယာန်ကျေးရွာမှာ စစ်ကောင်စီနဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ပိတ်ထားလိုက်တာ ဖြစ်ပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီရဲ့ ချင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

ကချင်ပြည်နယ်က တိုက်ပွဲတွေအတွင်း စစ်ကောင်စီရဲ့ တပ်စခန်းကြီး နှစ်ခုအပါအဝင် တပ်စခန်း တစ်ဆယ်ကျော်ကို တိုက်ခိုက်သိမ်းယူထားနိုင်ပြီး မတ်လ ၈ ရက် ဒီနေ့အထိလည်း တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။