မြောက်ဦးလူသတ်မှုမှ ထောင်ချခံရသူ အယူခံဝင်မည်


2019.10.13
bobominthaik-murder-622.jpg ဦးဘိုဘိုမင်းသိုက် လုပ်ကြံသတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးထားတဲ့ တရားခံနှစ်ဦးကို သက်သေခံပစ္စည်းတွေနဲ့အတူ ၂၀၁၈ ဇန်နဝါရီ ၅ ရက်နေ့က တွေ့ရစဉ်
Photo: inistry of Home Affairs, Myanmar

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်က ယခင်အုပ်ချုပ်ရေးမှုး လုပ်ကြံခံရမှုအတွက် ထောင်ဒဏ် ၁ဝ နှစ် ချမှတ်ခံရသူရဲ့ မိသားစုနဲ့ ရှေ့နေက စစ်တွေခရိုင်တရားရုံးရဲ့ စီရင်ချက်ဟာ မှန်ကန်မျှတမှု မရှိဘူးလို့ ပြောလိုက်ပါတယ်။

လွန်ခဲ့တဲ့ ၁ နှစ်ခွဲခန့်က ရန်ကုန်စစ်တွေ ကားလမ်းအနီး ကားပေါ်မှာ ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တဲ့ မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးဟောင်း ဦးဘိုဘိုမင်းသိုက်ရဲ့ အမှုအတွက် တိမ်ညိုကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးကျော်မြင့်ကို စစ်တွေခရိုင်တရားရုံးမှာ အောက်တိုဘာ ၁၁ ရက်နေ့က ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်ရာမှာ အယူခံဝင်မယ်လို့ မိသားစုက ပြောပါတယ်။

ဦးကျော်မြင့်ကို လူသတ်မှုကို အားပေးကူညီမှုအတွက် ၁၀ နှစ်၊ ကားမီးရှို့တာကို အားပေးကူညီမှုအတွက် ၅ နှစ် ချမှတ်ပါတယ်။ အမှုနှစ်ခုအတွက် တစ်ပေါင်းတည်း ၁၀ နှစ် ချမှတ်လိုက်တာပါ။

ဦးဘိုဘိုမင်းသိုက် သေဆုံးမှုမှာ ကားနားကနေ ထွက်ပြေးသွားတဲ့ တရားခံလို့ ယူဆရသူ သုံးဦးရှိတယ်လို့ မျက်မြင်သက်သေတချို့က ထွက်ဆိုထားပေမယ့် အဲဒီလူတွေကို ဖမ်းမမိသေးပါဘူး။

တရားလွှတ်တော်ရှေ့နေ ဦးစံရွှေမောင်က သူ့အမှုသည် ဦးကျော်မြင့်ဟာ အခင်းဖြစ်ပွားတဲ့နေ့က ရန်ကုန်မြို့မှာ ရှိနေဆိုတာကို သက်သေပြနိုင်တဲ့ ဘဏ်တစ်ခုရဲ့ လုံခြုံရေးရုပ်သံမှတ်တမ်းတို့ကို တင်ပြခဲ့တယ်လို့ ဆိုပါတယ်။

"သူတို့က ရန်ကုန် ဗိုလ်တထောင်မြို့နယ် ဗိုလ်အောင်ကျော်လမ်းက ကမ္ဘောဇဘဏ်မှာ ရှိနေပါတယ်ဆိုပြီး စီစီတီဗီတင်ပြ ထုချေတယ်။ သူတို့က ထုချေတယ်ဆိုပေမယ့် ဒီဘက်ကလည်း အမှုတွေအများကြီး သက်သေ ထွက်ဆိုချက်တွေ၊ တယ်လီဖုန်းပြောတာတွေ၊ တရားစွဲဆိုခွင့်တင်ထားတာတွေကို တရားရုံးက သုံးသပ်တာ နေမှာပေါ့။ တရားရုံးသုံးသပ်တာကိုတော့ ကျနော်တို့ ဘာမှမပြောချင်ပါဘူး"

အဲဒီအမှုနဲ့ပတ်သက်လို့ ဦးကျော်မြင့်ရဲ့ ဇနီး၊ သား၊ ချွေးမတို့လည်း ထိန်းသိမ်းခံရတာပါ။ ၁ နှစ်အကြာမှာ ဇနီးနဲ့ ချွေးမက ပြန်လွှတ်လာပါတယ်။

သတ်တဲ့သူရှာမရလို့ ကျမယောက်ျားကို ၁၀ နှစ်ချတယ်

လူသတ်မှုကို ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း စီရင်ချက်ချရာမှာ သားဖြစ်သူလည်း အမှုကနေ လွတ်မြောက်ပေမယ့် မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇(၁) နဲ့ တရားစွဲခံထားရတဲ့အတွက် ဆက်လက်ထိန်းသိမ်းခံနေရတယ်လို့ သိရပါတယ်။

ဇနီးဖြစ်သူ ဒေါ်ကြည်ကြည်ဝင်းကတော့ ဦးကျော်မြင့်ဟာ ပြစ်မှုကျူးလွန်ခြင်းမရှိဘဲ ထောင်ဒဏ်ချမှတ်ခံရတာလို့ ပြောပါတယ်။

"ကျမယောင်္ကျားကို ၁၀ နှစ်ချတယ်၊ သတ်တဲ့သူကိုလည်း သက်သေသက်ကာအနေနဲ့ သုံးယောက်ဆိုပြီး ပြောထားတာရှိတယ်၊ သားလွှတ်တယ်ဆိုပြီး သားတစ်ခုမှမပါပေမယ့် အခုပြန်ဖမ်းထားတယ်။ ဘယ်လိုပြောရမလဲ အမှုမရှိလို့ သတ်တဲ့သူရှာမရလို့ ကျမယောက်ျားကို ၁၀ နှစ်ချတယ်လေ"

မိသားစုပိုင် တိမ်ညိုကျေးရွာက နေအိမ်၊ ရန်ကုန်မြို့က နေအိမ်၊ ကားတွေနဲ့ ငွေကြေးတွေကို အာဏာပိုင်တို့က ဆက်လက်သိမ်းဆည်းထားတဲ့အတွက် စားဝတ်နေရေးအတွက် ဒုက္ခရောက်နေရကြောင်းလည်း  သူက ဆက်ပြောပါတယ်။

မီးရှို့ခံခဲ့ရတဲ့ ဦးဘိုဘိုမင်းသိုက် စီးနင်းလာတဲ့ ကားကို ၂၀၁၈ ဇန်နဝါရီ ၃၁ ရက်နေ့တွင် တွေ့ရစဉ်
မီးရှို့ခံခဲ့ရတဲ့ ဦးဘိုဘိုမင်းသိုက် စီးနင်းလာတဲ့ ကားကို ၂၀၁၈ ဇန်နဝါရီ ၃၁ ရက်နေ့တွင် တွေ့ရစဉ်

လူသတ်မှုနဲ့ မသက်ဆိုင်ဘဲ ပစ္စည်းတွေသိမ်းဆည်းထားတဲ့အပေါ် သက်ဆိုင်ရာရဲဌာနကို တရားရုံးကခေါ်ယူ စစ်ဆေးစဉ် မေးမြန်းခဲ့ရာမှာ သိမ်းဆည်းထားတဲ့ပစ္စည်းတွေကို ငွေကြေးခဝါချမှု စိစစ်ရေးအဖွဲ့က လွဲပြောင်း ရယူထားတယ်လို့ ထွက်ဆိုသွားကြောင်း တရားခံရှေ့နေ ဦးစံရွှေမောင်က ပြောပါတယ်။

စွဲဆိုထားတဲ့အမှုတွေထဲမှာ ငွေကြေးခဝါချမှုနဲ့ သက်ဆိုင်တဲ့ အမှုမပါရှိဘူးဆိုရင် ဥပဒေအရပစ္စည်းတွေကို ပြန်လည်ပေးအပ်ရမှာဖြစ်ကြောင်း ဆက်လက်ပြောပါတယ်။

တိမ်ညိုကျေးရွာ အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ယူခဲ့သူ ဦးကျော်မြင့်ဟာ အနေအထိုင်အေးဆေးသူဖြစ်တယ်လို့ လက်ရှိ တိမ်ညိုကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝေလှအောင်က ပြောပါတယ်။

"သူကရွာမှာနေတုန်းကလည်း အေးဆေးပါပဲ လုပ်စားနေတာ၊ တခြားဘာမှမကြားပါဘူး။ ရန်ကုန် ပြောင်းတာ လည်း အပြီးပြောင်းတာ မဟုတ်ပါဘူး၊ ရန်ကုန်နဲ့ တိမ်ညိုကို သွားလိုက်လာလိုက် လုပ်စားနေတာပါပဲ"

ဦးကျော်မြင့်ဟာ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁) (၂) တို့နဲ့လည်း ဆက်လက်ပြီး တရားရင်ဆိုင်နေ ရပါတယ်။

ဦးဘိုဘိုမင်းသိုက် အသတ်ခံရမှုနဲ့ ဦးကျော်မြင့်ကို ဖမ်းဆီးအရေးယူတာဟာ အမှုဆင်ပြီး ထောင်ချတာလို့မြင်ကြောင်း ရက္ခိုင့်တပ်တော် AA က ပြောခွင့်ရသူ ခိုင်သုခက RFA ကို ပြောပါတယ်။

AA ပြောခွင့်ရသူ ခိုင်သုခ"ဘိုဘိုမင်းသိုက် အသတ်ခံရတဲ့အမှုက အစိုးရအဖွဲ့ အရာရှိတွေ ကြားမှာ သူက နှုတ်ပိတ်ခံရတယ်လို့ ကျနော်တို့က နားလည်ထား တယ်။ ဦးကျော်မြင့်ကို ဖမ်းတယ်ဆိုတာကတော့ ဒါဘာမှ မဆီ မဆိုင်ဘဲ သူ့ကို ဓါးစာခံပုံစံမျိုး အမှုဆင်ပြီး မတရားထောင်ချ တယ်လို့ ကျနော်တို့က အဲလို သဘောပေါက်တယ်"

ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ၂၀၁၈ ဖေဖော်ဝါရီ ၅ ရက်နေ့ ရက်စွဲနဲ့ သတင်းထုတ်ပြန်ချက်မှာတော့ ဦးဘိုဘိုမင်းသိုက်ကို လုပ်ကြံဖို့ ရက္ခိုင့်တပ်တော် AA ဘက်က ကြိုတင်ကြံစည်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

၂၀၁၈ ဇန်နဝါရီ ၁၆ ရခိုင်ဘုရင့်နိုင်ငံ အချုပ်အခြာအာဏာကျဆုံးခြင်း ၂၃၃ နှစ်ပြည့် အစီအစဉ် ကျင်းပခွင့်မရလို့ ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က တားဆီးရာမှာ အရပ်သားသေဆုံးမှုကြောင့် AA အဖွဲ့က မြောက်ဦးမြို့ နယ် အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဦးဘိုဘိုမင်းသိုက်ကို လုပ်ကြံဖို့ စီစဉ်တာလို့ စစ်ဆေးတွေ့ ရှိခဲ့ကြောင်း ထုတ်ပြန်ချက်က ဆိုပါတယ်။

ဦးကျော်မြင့်နဲ့ သားဖြစ်သူ မင်းသန်းဌေးတို့ကို AA အဖွဲ့ ခိုင်းစေတယ်၊ ရှမ်းပြည်နယ်က မူးယစ်ဆေးကို ရခိုင်ပြည် နယ်ထဲမှာ ရောင်းချလို့ရတဲ့ငွေနဲ့ လက်နက်ဝယ်ယူကာ AA ကို ပေးပို့နေသူတွေလို့လည်း ထုတ်ပြန်ချက်က ဆိုပါတယ်။

(RFA သတင်းထောက် မဝေယံမိုးမြင့် ပေးပို့သည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။