အုပ်ချုပ်ရေးမှူးဟောင်း အသတ်ခံရမှုအတွက် မသင်္ကာသူ ၄ ဦးကို ဖမ်းဆီး


2018.02.01
bobominthaik-murder-622 ဦးဘိုဘိုမင်းသိုက် အသတ်ခံရမှုနဲ့ ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီးဌာနက ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က ထုတ်ပြန်ထားတဲ့ မသင်္ကာသူ ၄ ဦးကို တွေ့ရစဉ်
Photo: Ministry of Home Affairs, Myanmar's facebook

မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးဟောင်း ဦးဘိုဘိုမင်းသိုက် အသတ်ခံရမှုနဲ့ ပတ်သက်ပြီး မသင်္ကာသူ ၄ ဦးကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၀ရက်နေ့က ပုဏ္ဏားကျွန်းမြို့မြောက်ဘက် ၇ မိုင်အကွာ ရန်ကုန်-စစ်တွေ ကားလမ်းဘေးမှာ ဦးဘိုဘိုမင်းသိုက် ကို ထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးနေတာကို တွေ့ခဲ့တာဖြစ်ပါတယ်။

ဒီအမှုနဲ့ပတ်သက်ပြီး မသင်္ကာသူ တိမ်ညိုကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်းနဲ့ သူရဲ့ဇနီး၊ သားနဲ့ ချွေးမ စုစုပေါင်း ၄ယောက်တို့ကို မနေ့က ရန်ကုန်မြို့မှာ ဖမ်းဆီခဲ့ပြီး စစ်ဆေးနေတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။

ထုတ်ပြန်ချက်မှာ  ဖြစ်စဉ်အသေးစိတ်ကို ဖော်ပြထားခြင်းမရှိဘဲ မသင်္ကာလို့ စစ်ဆေးနေတဲ့အကြောင်းကိုသာ ပြည်ထဲရေးက ထုတ်ပြန်ထားတာကို တွေ့ရပါတယ်။

မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးဟောင်း ဦးဘိုဘိုမင်းသိုက် အသတ်ခံရမှုနဲ့ ပတ်သက်ပြီး ပုဏ္ဏားကျွန်းမြို့နယ် ရဲစခန်းမှာတော့ လူသတ်မှု ပုဒ်မ (၃၀၂) ၊ သေစေရန် ရည်ရွယ်၍ အကျိုးဖျက်ဆီးမှု ပုဒ်မ (၄၄၀)၊ အားပေးကူညီမှု ပုဒ်မ (၁၁၄) စတဲ့ ပုဒ်မ ၃ ခုနဲ့ အမှုဖွင့်ပြီး စုံစမ်းစစ်ဆေးနေတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ထားပါတယ်။

ဦးဘိုဘိုမင်းသိုက်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၆ ရက်နေ့က ဆန္ဒပြသူ ၇ ယောက် သေဆုံးခဲ့တဲ့ မြောက်ဦး ဆန္ဒပြ မှုဖြစ်စဉ်တုန်းက  မြောက်ဦးမြို့နယ်ရဲ့ အုပ်ချုပ်ရေးမှူးဖြစ်ပြီး နောက်ပိုင်းမှာ  ရာထူးနေရာ ပြောင်းရွှေ့ခံလိုက်ရပြီး မသေဆုံးခင်အချိန်က ရခိုင်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး လက်ထောက်ညွှန်ကြားရေးမှူး တာဝန် ထမ်းဆောင်ခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။