မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ဇရပ်ကြီးရွာကို ဧပြီလ ၁၈ ရက် ည ၇ နာရီခွဲခန့်မှာ စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် ကလေးတစ်ဦး အပါအဝင် မိသားစုဝင် သုံးဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
သေဆုံးခဲ့သူတွေမှာ အသက် ခြောက် နှစ်အရွယ် ကလေးတစ်ဦး အပါအဝင် အသက် ၄၄ နှစ်အရွယ် ဖခင်ဖြစ်သူနဲ့ အသက် ၄၆ နှစ်အရွယ် မိခင်ဖြစ်သူတို့ ဖြစ်တယ်လို့ ပြောပါတယ်။
အဲဒီနေ့က စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ နှစ်ဖက် တိုက်ပွဲဖြစ်ပွားခဲ့ခြင်း မရှိဘဲ မိတ္ထီလာလေတပ်ကနေ ဂျက်တိုက်လေယာဥ်နဲ့ တိုက်ခိုက်ခဲ့တာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“မနေ့ညတုန်းက ဂျက်ဖိုက်တာနဲ့ တိုက်ခိုက်သွားတာဗျ။ တစ်အိမ်တည်းက သားဖြစ်သူနဲ့ သူ့မိဘတွေ သေဆုံးသွားတယ်။ ဒီနေ့ ကျွန်တော်ကိုယ်တိုင် သင်္ဂြိုဟ်ပေးရတာပါ။ မိတ္ထီလာ ရှမ်းတဲလေတပ်က တက်လာပြီးတော့မှ လေကြောင်းတိုက်ခိုက်မှု လုပ်တာပေါ့ဗျာ။”
ပြီးခဲ့တဲ့ ရက်ပိုင်းက တောင်သာ - မလှိုင် - ရုံးစည်ကြီးလမ်းပိုင်းကို စစ်ကြောင်းထိုးပြီး လေကြောင်း တိုက်ခိုက်မှုတွေ ရှိခဲ့သလို အဲဒီနောက်ပိုင်းကစပြီး စစ်တပ်က တောင်သာမြို့နယ်ကို လေကြောင်းတိုက်ခိုက်မှု တွေ ခပ်စိတ်စိတ် လုပ်ဆောင်လာနေတယ်လို့ ပြောပါတယ်။
တောင်သာမြို့နယ်၊ ဇရပ်ကြီးရွာမှာ အထိုင်ချနေတဲ့ စစ်တပ်ကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လမှာ တော်လှန်ရေးတပ်ဖွဲ့တွေက စီးနင်းတိုက်ခိုက်ခဲ့ပြီးနောက်၊ လေကြောင်းတိုက်ခိုက်မှုတွေ အကြိမ်ကြိမ် လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
