ဖားကန့်မှာ စစ်တပ်ဒရုန်းဗုံးကြောင့် အမျိုးသမီး သုံးဦးသေဆုံး

ဒရုန်းဗုံးကြောင့် အသက် ၂ဝ၊ အသက် ၆ဝ နဲ့ အသက် ၇ဝ အရွယ် အမျိုးသမီး သုံးဦး သေဆုံး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လုံးခင်းရပ်ကွက်(၄)မှာ မေလ ၁၇ ရက်နေ့က လက်နက်ကြီးတပ်ဆင်ထားတဲ့ ဒရုန်းဗုံးကျရောက်ပေါက်ကွဲပြီး မီးလောင်ကျွမ်းခဲ့တာကြောင့် အမျိုးသမီး သုံးဦး သေဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ဒရုန်းဗုံးကြောင့် အသက် ၂၀ အရွယ် မမော်မော်စိန်၊ အသက် ၆၀ အရွယ် ဒေါ်ခင်ဝင်းနဲ့ အသက် ၇၀ ကျော်အရွယ် ဒေါ်ပုံတို့နေရာမှာတင် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

အင်အား တစ်ရာကျော်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ပြီးခဲ့တဲ့ မေလ အစောပိုင်းကတည်းက လုံးခင်း၊ မှော်စီဆာ၊ ကုဋေစတဲ့ရပ်ကွက်တွေမှာ ဝင်ရောက်တပ်စွဲနေထိုင်နေပြီး အရပ်သားတွေ နေထိုင်ရာကို နေ့စဉ်ပစ်ခတ်နေတာလို့ အမည်မဖော်လိုတဲ့ ဖားကန့်ဒေသခံတစ်ဦးက ပြောပါတယ်။

“လက်နက်ကြီးအစတွေက ရင်ညွန့်တို့၊ ဗိုက်တို့ကို မှန်တော့ အသက်တော့မမှီလိုက်ပါဘူး။ သုံးယောက်စလုံးပေါ့နော်။ တစ်အိမ်ထဲကိုကျပြီး တစ်မိသားစုလုံးထိတာလို့ သတင်းကြားတယ်။ မနေ့ကလည်း လက်နက်ကြီးပစ်တာ ကုဋေဘက်က ဒေသခံ နှစ်ယောက်ဒဏ်ရာရတယ် ကြားတယ်။ စစ်တပ်က ရပ်ကွက်တွေကို ဝင်စီးနင်းပြီး အိမ်တွေအထဲမှာ တပ်စွဲနေတာ။ တချို့တွေကို ရှောင်ချိန်မရတော့ စစ်ကြောင်းနဲ့တိုးပြီး ပေါ်တာဆွဲခံထားရတဲ့ သဘောပေါ့။ သူတို့ကို ချက်ပြုတ်ကျွေးမွေးခိုင်းတာပေါ့”

လတ်တလောမှာတော့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ ကချင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KPDF နဲ့ စစ်ကော်မရှင်တပ်တွေအကြား တိုက်ပွဲတွေမရှိပေမဲ့ စစ်တပ်ဘက်က အရပ်သားတွေ နေထိုင်နေတဲ့ လူနေရပ်ကွက် တွေနဲ့ ဈေးတွေကို လက်နက်ကြီးနဲ့ ဒရုန်းဗုံးတွေ နေ့စဉ်လိုလို ပစ်ခတ်နေတာကြောင့် ဒေသခံတွေ စိုးရိမ်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်တပ်စစ်ကြောင်းတွေဟာ လုံးခင်း-မှော်စီဆာလမ်းပေါ်မှာ ဖြတ်သန်းသွားလာနေကြတဲ့ အရပ်သားတွေကို နေ့စဉ်အုပ်စုဖွဲ့လုယက်တာတွေ ရှိနေတာကြောင့် ဖားကန့်မြို့အတွင်းမှာ အသွားအလာမရှိဘဲ လူပြတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်တပ်ခန့်အစိုးရရဲ့ ကချင်ပြည်နယ် ပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးမိုးမင်းသိနိးကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းမဖြေပါဘူး။