အရှေ့အလယ်ပိုင်းဒေသမှာ ပဋိပက္ခတွေ ပိုဆိုးလာတာကြောင့် လောင်စာဆီစျေးနှုန်းတွေ မြင့်တက်လာပြီး အဲဒီအကျိုးဆက်အဖြစ် မြန်မာနိုင်ငံတစ်ဝန်း စားသောက်ကုန်စျေးနှုန်းတွေ လိုက်တက်နေတာ ၁၉ ရာခိုင်နှုန်း လောက်ရှိတယ်လို့ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ဧပြီလ ၁၈ နေ့က ထုတ်ပြန်ခဲ့ပါတယ်။
အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ ဆန်၊ စားအုန်းဆီနဲ့ ဆားတို့ရဲ့ပျှမ်းမျှစျေးနှုန်းဟာ ဖေဖော်ဝါရီလကစပြီး တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ၁၉ ရာခိုင်နှုန်းခန့် မြင့်တက်လာခဲ့တာာဖြစ်တယ်လို့ WFP က ဆိုပါတယ်။
WFP အဖွဲ့ဟာ ဒီအခြေအနေကို အနီးကပ် စောင့်ကြည့်ပြီး၊ ဝမ်းရေးအခက်အခဲရှိနေတဲ့ မိသားစုတွေအတွက် အကူအညီပေးပို့မှုတွေကို လိုအပ်သလို ပြင်ဆင်ကူညီပေးသွားဖို့ အသင့်ပြင်ဆင်ထားတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အပူအရှိန်ပြင်းထန်မှုနဲ့အတူ လောင်စာဆီနဲ့ မြေဩဇာစျေးနှုန်းတွေ တက်လာတဲ့အတွက် စပါးစိုက်ပျိုးရာမှာ မြေဩဇာအသုံး ထက်ဝက် လျှော့ချလိုက်ရင် စပါးထွက်နှုန်းတွေ ကျဆင်းပြီး နောက်ဆက်တွဲ ဆန်စျေးနှုန်း တွေလည်း ထပ်မြင့်တက်လာနိုင်တဲ့အတွက် မြန်မာနိုင်ငံရဲ့ စားနပ်ရိက္ခာဖူလုံမှုကို ထိခိုက်လာ နိုင်တယ်လို့ WFP က သတိပေးထားပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရန်ကုန်မြို့က အိမ်ရှင်မတစ်ဦးကတော့ စစ်တပ်အာဏာသိမ်းလိုက်တဲ့ ငါးနှစ်အတွင်းမှာ ပိုပြီးတော့ မွဲလာတယ်လို့ RFA ကိုပြောပါတယ်။
“အရင်တုန်းကလို ဘယ် ဝယ်စားနိုင်တော့မလဲ။ မဝယ်စားနိုင်တော့ဘူးလေ၊ အသားတစ်မျိုးမျိုးပါရင်ကို ငါးထောင်အထက် တစ်သောင်းနားမှာ၊ ငါးထောင်အောက် မရှိတော့ဘူး၊ စစ်တပ်အာဏာမသိမ်းခင်ကမှ ငါးရာတန်၊တစ်ထောင်တန်ထမင်းဆိုင်ဆိုတာ ရှိသေးတယ်။ အခုတစ်မိသားစုလုံး စားစရာဆို လျှော့ပြီးစား၊ ဝတ်စရာဆို အဟောင်းလျှော်ဝတ်တယ်၊ ဖိနပ်တောင် ပြန်ချုပ်ပြီး စီးနေကြရတာလေ။”
စစ်တပ်အာဏာမသိမ်းခင်က အခြေခံလူတန်းစားတွေ အများစု စားကြတဲ့ ၁၁၀၀ လောက်ရှိတဲ့ဆန်စျေးက ၅၀၀၀ အထက်မှာရှိနေပြီး အာဏာ မသိမ်းခင်တုန်းက ကြက်ဥတစ်လုံးကို တစ်ရာတောင်မပြည့်ခဲ့ပေမယ့် အခုလက်ရှိစျေးဟာ ဥအရွယ်အစားအလိုက် ၅၀၀၊ ၆၀၀ ရှိတယ်လို့ သူက ပြောပါတယ်။
အခုလို အဆမတန်တက်လာတဲ့ကုန်စျေးနှုန်းတွေနဲ့ ရင်ဆိုင်နေရတာကြောင့် ဆင်းရဲမွဲတေနှုန်းတွေလည်း စစ်အာဏာသိမ်းငါးနှစ်အတွင်း ပိုများများလာတာ တွေ့ရတယ်လို့ စီးပွားရေးလေ့လာသုံးသပ်သူတွေက ပြောပါတယ်။
စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးဆိုင်ရာ အခက်အခဲတွေကြောင့် ဝင်ငွေနည်း မိသားစုတွေ၊ တစ်ပိုင်တစ်နိုင် တောင်သူလယ်သမားတွေနဲ့ ပဋိပက္ခဖြစ်ပွားရာဒေသက နေထိုင်သူတွေအပေါ် ပိုမို သက်ရောက်မှု ရှိလာနိုင်တယ်လို့ WFP က ဆိုပါတယ်။
