KNU ဆေးရုံကို မြန်မာစစ်တပ်ဗုံးကြဲ၊ ထိုင်းဘက် ဗုံးတစ်လုံးကျပြီး ပေါက်ကွဲခဲ့

မြန်မာစစ်တပ်က Yak – 130 နဲ့ MiG-29 တိုက်လေယာဉ် သုံးပြီး KNU ဆေးရုံနဲ့ အနီးအနားက ရွာနှစ်ရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်။

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် ဖာပွန်ခရိုင်၊ ဘူးသိုမြို့နယ်က ကရင်အမျိုးသားအစည်းအရုံး KNU ဆေးရုံနဲ့အနီး တစ်ဝိုက်ကို မြန်မာစစ်တပ်က ဧပြီ ၂ဝ ရက်နေ့ မနက်က လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ ထိုင်းဘက်ခြမ်းကို ဗုံးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြကြပါတယ်။

ဗုံးကြဲခံရတဲ့ KNU ဆေးရုံဟာ ထိုင်းဘက်ခြမ်း မယ်ဟောင်ဆောင်ခရိုင် ဘန်မယ့်စလပ်ရွာနဲ့ မီတာ ၅ဝဝ အကွာမှာရှိတယ်လို့ Bangkok Post သတင်းမှာ ဖော်ပြထားပါတယ်။

မြန်မာစစ်တပ်က Yak – 130 နဲ့ MiG-29 တိုက်လေယာဉ်တွေသုံးပြီး KNU ဆေးရုံနဲ့ အနီးအနားက ရွာနှစ်ရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့တာ လို့လည်း သတင်းမှာ ပါရှိပါတယ်။

ထိုင်းဘက်ခြမ်း ရွာက ဒေသခံတွေ ပြောဆိုချက်အရ မြန်မာဘက်ခြမ်းမှာ ဗုံး ၉ လုံး ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပြီး ထိုင်းဘက်ခြမ်းကို တစ်လုံး ကျခဲ့တာဖြစ်ပါတယ်။

ထိုင်းဘက်ခြမ်းမှာ ထိခိုက်ဒဏ်ရာရတာ၊ ပျက်စီးဆုံးရှုံးတာတွေ မရှိပေမဲ့ ဒေသခံတွေ ထိတ်လန့်ပြီး နေအိမ်တွေကနေ ထွက်ပြေးခဲ့ကြတာကြောင့် အာဏာပိုင်တွေက နယ်စပ်နဲ့ ၇ ကီလိုမီတာ အကွာက ဟိုင်ကောင်ကတ်ရွာကို ရွှေ့ပြောင်းပေးခဲ့ကြပါတယ်။

ဒီလိုတိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး ထိခိုက်ပျက်စီးဆုံးရှုံးတဲ့အခြေအနေကို သိရဖို့ KNU ပြောရေးဆိုခွင့်ရှိသူတွေကို RFA က ဆက်သွယ်မေးမြန်းထားပေမဲ့ တုံ့ပြန်ချက်မရသေးပါဘူး။

ဧပြီ ၁၂ ရက်နေ့ကလည်း စစ်တပ်က အဲဒီဆေးရုံကို လေကြောင်းကနေ ပေါင် ၅ဝဝ ဗုံး နှစ်လုံးနဲ့ တိုက်ခိုက်ခဲ့ပြီး အဲဒီတိုက်ခိုက်မှုကြောင့် ဆေးကုသနေတဲ့ အရပ်သားတချို့ ထိခိုက်ဒဏ်ရာရခဲ့သလို ဆေးရုံအဆောက်အအုံ တချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဧပြီ ၁၈ ရက်နေ့မှာ KNU က သတင်းထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် ဧပြီ ၁၄ ရက်နေ့ကလည်း စစ်ကောင်စီဟာ KNU တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင်မှာ ရှိတဲ့ မူတြော်ဂျူနီယာကောလိပ် (Mutraw Junior College)ကိုလည်း ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ရေးပစ်မှတ်မဟုတ်ဘဲ အများပြည်သူအသုံးပြုနေတဲ့ ဆေးရုံနဲ့ စာသင်ကျောင်းတွေကို မြန်မာစစ်တပ်က ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေပြီး ဒီလိုလုပ်ရပ်တွေဟာ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှု ဥပဒေကို ချိုးဖောက်ရာရောက်သလို ဒါတွေဟာ စစ်ရာဇဝတ်မှုဖြစ်တယ်လို့ KNU ရဲ့ ဧပြီ ၁၈ ရက်နေ့ ထုတ်ပြန်ချက်မှာ ထောက်ပြထားပါတယ်။

ဒါ့အပြင် ဒီလိုစစ်ရာဇဝတ်မှုတွေ ရပ်တန့်အောင် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ၊ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ လက်တွေ့ကျတဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်ဖို့လည်း တောင်းဆိုထားပါတယ်။

ဒါတွေကို မတားဆီးဘဲ နှုတ်ဆိတ်နေတာဟာ အကြမ်းဖက်မှုတွေ ပိုမိုကျူးလွန်လာအောင် အားပေးကူညီရာရောက်တယ်လို့ KNU က ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။