စစ်တပ်ပစ်ခတ်မှုကြောင့် ဖားကန့်မှာ တစ်ပတ်အတွင်း လူခြောက်ဦးသေဆုံး

ဧပြီ ၁၄ ရက်မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးနဲ့ အရပ်သား သုံးဦးဖမ်းဆီး သတ်ဖြတ်ခံရပြီး ဧပြီ ၁၈၊ ၁၉ မှာ လက်နက်ကြီးကြောင်း နှစ်ဦးသေဆုံးခဲ့။

တိုက်ပွဲပြင်းထန်နေတဲ့ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ ဧပြီလ ၁၃ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ တစ်ပတ်အတွင်း စစ်တပ်လက်ချက်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးနဲ့ အရပ်သားငါးဦး စုစုပေါင်းခြောက်ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၄ ရက်နေ့ ညနေပိုင်းမှာ ဖမ်းဆီးသတ်ဖြတ်ထားတဲ့ KPDF တပ်ဖွဲ့ဝင်တစ်ဦးနဲ့ ဗလခကျေးရွာမှာ နေထိုင်တဲ့ အသက် ၂၀ကျော် အရွယ်တွေဖြစ်တဲ့ ကိုမင်းပိုင်စိုး၊ကိုကျော်လင်းနဲ့ ကို စိန်ကျော်ဌေးတို့ရဲ့ ရုပ်အလောင်းတွေကို မရှီကထောင်ရပ်ကွက်အတွင်းမှာ စစ်တပ်ကကားတစ်စီးနဲ့ လာရောက်စွန့်ပစ်သွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အလားတူ ဖားကန့်မြို့အလယ်က စစ်တပ်တပ်စွဲထားတဲ့ ဗျူဟာကုန်းကနေ လက်နက်ကြီးတွေ ပစ်ခတ်ခဲ့တာကြောင့် ဧပြီလ ၁၈ရက် ညပိုင်းက ဆိုင်းအောင်ရပ်ကွက်မှာနေထိုင်တဲ့ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦး ထိမှန်သေဆုံးခဲ့သလို ဧပြီ ၁၉ ရက်နေ့ မနက်ပိုင်းမှာလည်း မလန်းကျေးရွာက အသက်လေးနှစ်အရွယ် ကလေးငယ်တစ်ဦး လက်နက်ကြီးထိမှန်တာကြောင့် ထပ်မံသေဆုံးခဲ့တယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ ညကကတည်းက ဗျုဟာကုန်းကနေ တောက်လျှောက်ပစ်နေတာ၊ ဒီမနက်ထိတဲ့ကလေးလေးဆို မနက်စာကျွေးဖို့ ပြင်နေတုန်းမှာ လက်နက်ကြီးစ ရင်ဘတ်ထဲစိုက်သွားတာ။ နေရာမှာတင် ဆုံးတယ်။ ညက အမျိုးသားတစ်ယောက်ကလည်း လက်နက်ကြီးက သူ့အိမ်ဘေးကိုကျတာမှာ အစရင်ဘတ်နဲ့ဗိုက်ကိုစိုက်ပြီး ဆုံးတာပဲ။ လက်နက်ကြီးတွေက ဒီလိုတိုက်ပွဲမရှိဘဲ ပစ်ချင်သလို ပစ်ခတ်နေတော့ ကျွန်မတို့ပြည်သူတွေ ကျီးလန့်စာစားနေနေရတယ်။ အတော်လေးဒုက္ခရောက်တယ်။ ဘယ်နေရာမှ လွတ်လွတ်လပ်လပ် မသွားရဲဘူး”

လက်လုပ်လက်စားနဲ့ အခြေခံလူတန်းစားများတဲ့ ဖားကန့်မြို့နယ်မှာ လေကြောင်း၊ လက်နက်ကြီးအန္တရာယ်နဲ့ တိုက်ပွဲတွေကြောင့် ရေမဆေးအလုပ်ကိုပါ ရပ်နားထားရတဲ့အတွက် ဒေသခံတွေရဲ့စားဝတ်နေရေးခက်ခဲနေသလို မြို့ကနေရွှေ့ပြောင်းနေထိုင်သူတွေ ပိုများလာတယ်လို့ သူကဆိုပါတယ်။

ဧပြီလ ၁၈ ရက်နေ့ မနက်ပိုင်းက ရှဒူးဇွပ်ကျေးရွာမှာရှိတဲ့ တပ်စွဲနေထိုင်နေတဲ့ ဝါရာဇွပ်ပြည်သူ့စစ်နဲ့ စစ်တပ် ပူးပေါင်းထားတဲ့ တပ်စခန်းနှစ်ခုကို KIAနဲ့KPDFက တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီးနောက် လေကြောင်းတိုက်ခိုက်မှုတွေ ရှိခဲ့တယ်လို့ KIAသတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီးနော်ဘူက ပြောပါတယ်။

“ကျွန်တော်တို့သတင်းကြားရသလောက်တော့ စခန်းအငယ်လေးနှစ်ခုပေါ့နော်။ သိမ်းပြီးတဲ့ မနေ့ကတောက်လျောက်လေကြောင်း တိုက်တယ်။ အသိမ်းခံရတဲ့ စခန်းတစ်ဝိုက်ကိုကဲ တိုက်တာပေါ့နော်။ ဒီနေ့မှာတော့ လေကြောင်းရော တိုက်ပွဲရော ငြိမ်နေပါတယ်"

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ကတည်းက ဖားကန့်မြို့ရဲ့ အဝင်အထွက် လမ်းပိုင်းနဲ့ မြို့နေရာအများစုကို KIA ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ထားပြီး ကျန်ရှိနေတဲ့ ဗျူဟာကုန်းနဲ့ တပ်စခန်းတွေကိုလည်း လနဲ့ချီ ပိတ်ဆို့ထားခဲ့ပေမဲ့ ၂၀၂၅ ခုနှစ်ကစပြီး စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းကာ အင်အား အလုံးအရင်းနဲ့ စစ်ကြောင်းပြန်ထိုးလာပြီးနောက် ဖားကန့်-ကာမိုင်းလမ်းပိုင်းနဲ့ နေရာတချို့ကို စစ်တပ်က ပြန်လည် ထိန်းချုပ်နိုင်ပြီးနောက် ဖားကန့်မြို့ပေါ်မှာ ဒီနေ့အထိ နှစ်ဖက် တိုက်ပွဲ ပြင်းထန်နေတာ ဖြစ်ပါတယ်။