မုံရွာကျောက္ကာ သင်္ကြန်အတက်နေ့ ဗုံးကြဲတိုက်ခိုက်မှု သေဆုံးသူ အနည်းဆုံး ၁၅ ဦးရှိ

ကျောက္ကာ(တောင်)ရွာတောပြင်ကိုတစ်လုံး၊ ထန်းဇလုပ်ချောင်းအနီးဆိုက်ကယ်ပြင်ဆိုင်ကို တစ်လုံးချခဲ့၊ ပွဲချင်းပြီး သုံးဦးရှိပြီး ဒဏ်ရာရသူ ၂၀ ကျော်ရှိဟုဆို။

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် ကျောက္ကာ(တောင်)ရွာကို စစ်တပ်က သင်္ကြန်ကာလမှာ ဗုံးကြဲတိုက်ခိုက်တာကြောင့် အသက် ၅ နှစ်အောက် ကလေးနှစ်ဦး အပါအဝင် သေဆုံးသူ ၁၅ ဦးအထိ ရှိခဲ့တယ်လို့ ဒေသခံတွေက ဧပြီလ ၁၉ ရက်နေ့မှာ RFA ကို ပြောပါတယ်။

ကျောက္ကာ(တောင်)ရွာထိပ် ထန်းဇလုပ်ချောင်းအနီးက Starlink အင်တာနက်ဆိုင်နဲ့ ဆိုင်ကယ်ပြင်ဆိုင် တွဲဖွင့်ထားတဲ့ နေရာအနီးတစ်၀ိုက်ကို ဧပြီလ ၁၆ ရက် သင်္ကြန်အတက်နေ့ မှာ မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) က တက်လာတဲ့ ဂျိုင်ရိုကော်ပရာ နှစ်စီးနဲ့ ဗုံးကြဲတိုက်ခိုက်တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“အဲဒီနေ့က ထန်းဇလုပ်မှာ ရေပက်တဲ့သူ သိပ်မရှိဘူး အဲဒီမှာ စျေးဆိုင်လေးတွေရှိတော့ စျေးဝယ် စျေးခြမ်း လာကြတယ်။ ဆိုင်ကယ်ပျက်တဲ့သူက ဆိုင်ဝယ်ဝပ်ရှော့မယ် လာနှိုက်တယ်ပေါ့။ ကာကွယ်ရေးတပ်ဖွဲ့တွေ အထိုင်ချတဲ့ နေရာလည်းမဟုတ်ဘူး။ အနည်းကျဉ်း ဖြတ်သွားဖြတ်လာလောက်ပဲရှိတာ။ အဲဒီနေ့ကလည်း ထင်မထားဘူး ပုံမှန်ဒီအတိုင်းပဲ နေနေကျဆိုတော့လေ”

သေဆုံးသူတွေထဲမှာ အသက် ၁ နှစ်အရွယ်ကနေ ၆၀ ကျော်အရွယ်အထိ အရပ်သား ၁၃ ဦးနဲ့ စျေးလာဝယ်တဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် လူငယ် ၂ ဦးပါဝင်တယ်လို့ ဆိုပါတယ်။

ဗုံးကြဲတိုက်ခိုက်တဲ့အတွက် လူသေဆုံးတာအပြင် လူနေအိမ် လေးလုံး၊ ဆိုင်ကယ် ၁၂ ဟီ’။ ဆိုက်တွဲ ၁ စီး၊ ကြိုးဆွဲမီးစက် ၁၀ လုံးပါ မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေကိုကိုးကားပြီး DVB သတင်းဌာနက ရေးသားပါတယ်။

မုံရွာမြို့နယ်အပြင် သင်္ကြန်ကာလအတွင်း စစ်ကိုင်းတိုင်း ရွှေဘိုနဲ့ မကွေးတိုင်း ပေါက် မြို့နယ်တို့မှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၆ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ဒီအခြေနေတွေနဲ့ ပတ်သက်လို့ စစ်တပ်ခန့် အစိုးရဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုလာတာ မတွေ့ရသေးပါဘူး။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနရဲ့ မတ်လ ၃၁ ရက်နေ့အထိ စာရင်းတွေအရ အာဏာသိမ်း ငါးနှစ်ကျော်ကာလမှာ နိုင်ငံတစ်ဝန်း မြန်မာစစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သား ၅၄၇၈ ဦး ဦးသေဆုံးခဲ့ပါတယ်။