အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအပြင် လက်မှတ်မထိုးထားရသေးတဲ့ အဖွဲ့တွေအနေနဲ့ ဇူလိုင် ၃၁ ရက်နေ့ နောက်ဆုံးထားပြီး ငြိမ်းချမ်းရေးဆွေးနွေးကြဖို့ စစ်ခေါင်းဆောင်ဟောင်းက ဖိတ်ခေါ်လိုက်ပါတယ်။
သမ္မတရာထူးယူထားတဲ့ စစ်ခေါင်းဆောင်ဟောင်း ဦးမင်းအောင်လှိုင်က စစ်တပ်ခန့် အစိုးရအဖွဲ့ဝင်တွေနဲ့ ဧပြီ ၂ဝရက်နေ့က ပထမဆုံးအကြိမ် အစည်းအဝေးမှာ ရက်ပေါင်း ၁ဝဝ အတွင်း ဆောင်ရွက်သွားမယ့်ကိစ္စတွေကို ဆွေးနွေးရင်း အခုလို ငြိမ်းချမ်းရေးဆွေးနွေးကြဖို့ ထည့်သွင်းဖိတ်ခေါ် ပြောကြားခဲ့တာပါ။
ဒါ့အပြင် ငြိမ်းချမ်းရေးဆွေးနွေးရာမှာ မဖြစ်နိုင်တာတွေ မတောင်းဆိုကြဖို့နဲ့ ငြိမ်းချမ်းရေးကို ဦးမတည်ဘဲ အဖွဲ့အစည်း တည်တံ့ဖို့အတွက်ပဲ လုပ်နေတယ်ဆိုရင် သူ့အနေနဲ့ လုပ်သင့်လုပ်ထိုက်တာတွေ ဆက်လုပ်သွားမယ်လို့ သတိပေးခဲ့ပါတယ်။
“ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ မဖြစ်နိုင်တာတွေ တောင်းမယ်၊ ကိုယ့်အဖွဲ့အစည်း ခိုင်မြဲဖို့လောက်ပဲ လုပ်ကြမယ်ဆိုရင်တော့ မှားသွားပါလိမ့်မယ်၊ ကျွန်တော်တို့ အနေနဲ့လည်း လုပ်သင့်လုပ်ထိုက်တာတွေကို နိုင်ငံတော်အနေနဲ့လည်း လုပ်ရမှာပါ။ ဒါ့အပြင် ငြိမ်းချမ်းရေးအတွက် PDF တွေလည်း သတ်မှတ်ထားတဲ့ ရက်ပေါင်း တစ်ရာအတွင်းမှာ လာခဲ့ကြပါ။ အသုံးချမခံရအောင် နေကြဖို့ ပြောလိုပါတယ်"
စစ်တပ်အာဏာမသိမ်းခင်က အပစ်ရပ်လက်မှတ်ထိုးထားပေမဲ့ အာဏာသိမ်းလိုက်တဲ့နောက် စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်နေတဲ့ အဖွဲ့အစည်းတွေထဲက ကရင်အမျိုးသားအစည်းအရုံး KNU, ချင်းအမျိုးသားတပ်ဦး CNF နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF တို့ကိုလည်း ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်တယ်လို့ စစ်ခေါင်းဆောင်ဟောင်းက ပြောပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း စစ်ခေါင်းဆောင်က လက်နက်ကိုင်လမ်းစဉ်ကိုစွန့်ပြီး ငြိမ်းချမ်းရေးဆွေးနွေးဖို့ မကြာခဏထုတ်ပြောပေမဲ့ စစ်တပ်ဘက်က တိုက်ခိုက်မှုတွေမရပ်ဘဲ ဆွေးနွေးဖို့ ဖိတ်ခေါ်နေတဲ့အပေါ် တော်လှန်ရေးအင်အားစုတွေက မယုံကြည်ကြောင်း တစိုက်မတ်မတ် တုံ့ပြန်ခဲ့ကြတာဖြစ်ပါတယ်။
တော်လှန်ရေးအင်အားစုတွေဘက်မှာ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) တို့နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG တို့ ပူးပေါင်းပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင် ကောင်စီ (SCEF)ကို ပြီးခဲ့တဲ့ မတ်လ ၃ဝ ရက်နေ့က ဖွဲ့စည်းထားပါတယ်။
SCEF ရဲ့ နိုင်ငံရေးဦးတည်ချက်တွေထဲမှာ စစ်အာဏာသိမ်းမှုကို ဖယ်ရှားပြီး နိုင်ငံရေးမှာ မြန်မာစစ်တပ် ပါဝင်နေတာကို အဆုံးသတ်ဖို့၊ လက်နက်ကိုင် တပ်ဖွဲ့တွေအားလုံး အရပ်သားအစိုးရအောက်မှာ ထားရှိဖို့၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖျက်သိမ်းဖို့၊ ဖက်ဒရယ်နဲ့ ဒီမိုကရေစီ အခြေခံစည့် ဖွဲ့စည်းပုံ အခြေခံဥပဒေသစ် ရေးဆွဲဖို့၊ အသစ်ပေါ်လာတဲ့ အခြေခံဥပဒေနဲ့ ပြည်ထောင်စုသစ်တည်ဆောက်ဖို့၊ ပဋိပက္ခကာလအတွင်း ကျူးလွန်ခံရသူတွေအတွက် တရားမျှတမှု လုပ်ငန်းစဉ်တွေ ဖော်ဆောင်ဖို့ အချက်တွေ ပါဝင်ပါတယ်။
