ဘိုကလေးမှာ ဒေသခံ ၆၀ နီးပါး ဆက်တိုက်အဖမ်းခံရ

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ် မလော့ရွာအုပ်စုထဲက မရမ်းကွဲရွာမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃ ရက်‌နေ့က စစ်ကောင်စီ သတင်းပေးလို့ နာမည်ကြီးသူတစ်ဦး သေနတ်နဲ့ အပစ်ခံရပြီးနောက် အဲဒီရွာအပါအဝင် အနီးနားရွာတွေဖြစ်တဲ့ ကညင်ကွဲနဲ့ပေချောင်းက ဒေသခံ ၆၀ နီးပါး ဆက်တိုက်ဖမ်းဆီးခံနေရတယ်လို့ ဘိုကလေးဒေသခံတွေက RFA ကိုပြောပါတယ်။

မရမ်းကွဲရွာမှာနေထိုင်တဲ့ ဦးမြင့်ဇော်ဆိုသူ သေနတ်နဲ့ပစ်ခတ်ခံရပြီးတဲ့နောက် ဒေသခံတွေ ဖမ်းဆီးခံရတာဖြစ်ပြီး ရွာထဲမနေရဲကြတော့တဲ့ ဒေသခံတချို့လည်း ထွက်ပြေး နေကြရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဘိုကလေးဒေသခံတစ်ဦးက RFA ကို ဒီကနေ့ ပြောပါတယ်။

“ မရမ်းကွဲရွာက လူတော်တော်များများ အဖမ်းခံရတယ်။ ပစ်ခံရပြီးတော့ အဲဒီညကနေ ဆက်တိုက်ဖမ်းတာ နိုဝင်ဘာ ၁၀ ရက်အထိ ဖမ်းနေတုန်းပဲ။ အခု ဆက်ပြီးဖမ်းတာက စစ်တပ်က မဟုတ်တော့ဘဲ ရဲကဖြစ်နေတယ်။ သူတို့ကိုဖမ်းလိုက် ရဲစခန်းမှာ စစ်လိုက်လုပ်နေတာ။ အပစ်မခံရခင် ရွာကနေ ခရီးထွက်သွားတဲ့ သူတွေလည်း ရွာကိုပြန်မလာရဲကြဘူး။ သံသယနဲ့ အဖမ်းခံမှာဆိုးလို့”

သေနတ်နဲ့ ပစ်ခတ်ခံရတဲ့ ဦးမြင့်ဇော်ကတော့ ခြေထောက်၊ လက်နဲ့ဗိုက်တွေမှာ ထိခိုက်ဒဏ်ရာရခဲ့တာကြောင့် ဘိုကလေးဆေးရုံမှာ ဆေးကုခဲ့ရတယ်လို့ သူက ဆက်ပြောပါတယ်။

ဦးမြင့်ဇော်ဟာ စစ်ကောင်စီတပ်ရဲ့ သတင်းပေးဖြစ်တာကြောင့် ဧရာဝတီနန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် ဘိုကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပစ်ခတ်ခဲ့တာလို့ နိုဝင်ဘာ ၄ ရက်မှာပဲ သတင်းထုတ်ပြန်ထားပါတယ်။

ဦးမြင့်ဇော်ဟာ စစ်ကောင်စီတပ်ကို သတင်းပေးနေတယ်ဆိုတဲ့ အပေါ်ကိုတော့ RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဒေသခံတွေ ဆက်တိုက် ဖမ်းဆီးခံနေရတာနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ဧရာဝတီတိုင်း ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးမောင်မောင်သန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။