ဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ညွှန်း ဇူလိုင်လကုန် အပြီးသတ်မည်


2018.06.30
bogyoke-movie-622.jpg ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံမှာ ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင်ဖြစ်မြောက်ရေးကော်မတီရဲ့ အစည်းအဝေးမှာကို ၂ဝ၁၈ ခုနှစ် ဇွန်လ ၃ဝ ရက်နေ့က တွေ့ရစဉ်
Photo: Thant Zin Oo/RFA

ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ်ညွှန်းကို ဇူလိုင်လကုန်မှာ အပြီးသတ်ရေးသားမယ်လို့ ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ဒီနေ့ ပြောပါတယ်။

ဒီကနေ့ ရန်ကုန်မြို့ မြို့မကျောင်းလမ်းမှာရှိတဲ့ အမျိုးသားကဇာတ်ရုံမှာ ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင် ဖြစ်မြောက်ရေးကော်မတီရဲ့ အစည်းအဝေးမှာ ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ပြောတာဖြစ်ပါတယ်။

"ဇွန်လ ၃၀ ရက်နေ့မှာ ကျနော့် ဇာတ်ညွှန်းက မပြီးသေးပါဘူး။ ဒါပေမဲ့ ကျနော် ကတိပေးထားတဲ့အတိုင်းပဲ ဇူလိုင်မှာတော့ ကျနော့် ဇာတ်ညွှန်း ပြီးပါလိမ့်မယ်။ အဲတော့ စိုးရိမ်နေကြတာကိုလည်း မစိုးရိမ်ဖို့ အခုဒီမှာထပ်ပြီး မေတ္တာရပ်ခံပါတယ်။ ပထမအဆင့် ဇာတ်ညွှန်းအချိန်မီ ပြီးဆုံးရေးပေါ့နော်။ ဒုတိယအဆင့်က အရည်အသွေးရှိတဲ့ ဇာတ်ညွှန်းဖြစ်မြောက်ရေးပေါ့နော်။ နောက် တတိယအဆင့်က အရည်အသွေးရှိတဲ့ ရုပ်ရှင်ဖြစ်မြောက်ရေးပေါ့။ အဲဒါတွေအားလုံးကို ကျနော် တာဝန်ယူပါတယ်"

အစည်းအဝေး တက်ရောက်လာတဲ့ ကော်မတီအလိုက် တင်ပြချက်တွေအရ ရုပ်ရှင်အတွက် လိုအပ်တဲ့ ကဏ္ဍ အလိုက်မှာ အဆင်သင့်ဖြစ်နေပြီလို့ သိရပါတယ်။

လက်ရှိအချိန်ထိ ဗိုလ်ချုပ်ရုပ်ရှင် ရိုက်ကူးဖို့အတွက် အလှူငွေ ကျပ်ငွေ သိန်းပေါင်း တစ်သောင်းနှစ်ထောင်ကျော် ရရှိထားပြီဖြစ်ပါတယ်။

ဗိုလ်ချုပ်ရုပ်ရှင်ကို ၂ဝ၂ဝ နှစ်ဆန်းပိုင်းမှာ ရုံတင်ပြသဖို့ စီစဉ်နေတာဖြစ်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေးအတွက် လိုအပ်တဲ့ အဝတ်အစားတွေ၊ အသုံးအဆောင်တွေနဲ့ သမိုင်းဝင်စာချုပ်စာတမ်းတွေအပြင် မှတ်တမ်းဓာတ်ပုံတွေ မှတ်တမ်းရုပ်ရှင်တွေကို ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့မှာ ပါဝင်တဲ့ဌာနဆိုင်ရာအလိုက် စုဆောင်းထားပြီးဖြစ်တယ်လို့ သိရပါတယ်။

အခြားနိုင်ငံတွေမှာရှိတဲ့ မှတ်တမ်းတွေရရှိဖို့လည်း သက်ဆိုင်ရာနိုင်ငံတွေဆီ ချိတ်ဆက်ထားပြီး စစ်ဘက် အသုံး အဆောင်တွေ၊ စစ်ဘက်အဝတ်အစားတွေနဲ့ အထောက်အကူပစ္စည်းတွေကို ကာကွယ်ရေးနဲ့ ပြည်ထဲရေးဝန်ကြီး ဌာနတွေက ကူညီပေးသွားမှာဖြစ်ပါတယ်။

ဗိုလ်ချုပ်ရုပ်ရှင်ဇတ်ကားမှာ ဗိုလ်ချုပ်အောင်ဆန်းနေရာက သရုပ်ဆောင်မယ့် ကျော်ကျော်မျိုးကလည်း ဂျပန်ဘာသာ စကား၊ အင်္ဂလိပ်ဘာသာစကားနဲ့ မြင်းစီးတတ်ဖို့ သင်ကြားနေပါတယ်။

ပြည်ထောင်စုအစိုးရအဖွဲ့က ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်မှာ သမိုင်းအချက်အလက်တွေ တိကျမှန်ကန်စေဖို့ ရည်ရွယ်ပြီး သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကို ဦးဆောင်ကာ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ပြည်ထဲရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေ သမိုင်းပညာရှင်တွေ၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက တာဝန်ရှိသူတွေ ပါဝင်တဲ့ လုပ်ငန်းကော်မတီကို ပြီးခဲ့တဲ့ နိုဝင်ဘာလက ဖွဲ့စည်းပေးခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။