ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်က စစ်ကောင်စီခန့် ၈၈ ရပ်ကွက်အုပ်ချုပ်ရေးမှူးရဲ့ နေအိမ်ကို အောက်တိုဘာလ ၅ ရက်မနေ့ ည ၇ နာရီဝန်းကျင်က ဗုံးနဲ့ ပစ်ခတ်ခံခဲ့ရတယ်လို့ အမည်မဖော်လိုတဲ့ ၈၈ ရပ်ကွက်နေသူတစ်ဦးက RFA ကိုပြောပါတယ်။
၈၈ ရပ်ကွက်၊ စကားဖြူလမ်းထိပ်မှာရှိတဲ့ အုပ်ချုပ်ရေးမှူးနေအိမ်ကို ဗုံးနဲ့ပစ်ခတ်ခံရပြီး သေနတ်ပစ်သံ ၄ ချက် ကြားရကြောင်း၊ ထိခိုက်သေဆုံး ဘယ်လောက်ရှိသလဲဆိုတာ မသိရပေမယ့် အရေးပေါ်လူနာတင်ယာဉ်တွေ လာရောက် သယ်ယူသွားတာရှိကြောင်း ဒေသခံတစ်ဦးက ပြောပါတယ်။
“မသေပါဘူး။ သူက ကိုယ်တွေလမ်းထိပ်မှာနေတာ။ သူရော၊ သူ့သားတွေရော တစ်ယောက်မှ မထိပါဘူး။ ထိတာသူတို့မွေးထားတဲ့ လက်ပါးစေတစ်ယောက်ပါ။ ဗုံးကလည်း နှစ်လုံးပစ်တာပါ။ ပစ်ခတ်သံကလည်း အဲတောက်တဲ့က ပြန်ပစ်တာပါ”
အခုလို တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့က လုပ်ဆောင်သလဲဆိုတာ ထုတ်ပြန်ထားခြင်း မရှိသေးသလို ထိခိုက်ဒဏ်ရာရရှိမှုနဲ့ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
ဒဂုံဆိပ်ကမ်းမြို့နယ် ၈၈ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးခင်ဦး ပထမဆုံး အသတ်ခံရပြီးနောက် ဒုတိယအုပ်ချုပ်ရေးမှူး ဦးသိန်းဇော် တက်လာပြီးမကြာခင်မှာ သတ်ဖြတ်ခံလိုက် ရတာကြောင့် တောက်တဲ့ (ခ) ဦးဇော်လွင်က အုပ်ချုပ်ရေးမှူးအဖြစ် လုပ်ကိုင်နေတာလို့ ဒေသခံတွေက ဆိုကြပါတယ်။
အလားတူ ရွှေပြည်သာမြို့နယ်၊ အမှတ် ၂၆ ရက်ကွက်၊ ကျောင်းကုန်း အုပ်ချုပ်ရေးမှူး ရုံးကိုလည်း အောက်တိုဘာလ ၅ ရက် မနေ့ ညနေ ၃ နာရီက အဝေးထိန်းဗုံးနှစ်လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး စာရေးနဲ့ ဧည့်စာရင်းတိုင်သူတချို့ ထိခိုက်ဒဏ်ရရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ပြည်သူတွေ ထိခိုက်နစ်နာခဲ့တဲ့အတွက် တောင်းပန်ကြောင်း Yangon UG Associationက ထုတ်ပြန်ထားပါတယ်။