ဆီဆိုင်မြို့မှာ စစ်လက်ကျန်ဗုံးသီးပေါက်ကွဲလို့ ကလေးသုံးဦး ဒဏ်ရာရ
2024.05.17

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့ သီရိရပ်ကွက်မှာ မေလ ၁၆ ရက်နေ့က စစ်လက်ကျန်ဗုံးသီးကို ဆော့ကစားမိရာမှ ပေါက်ကွဲမှုဖြစ်ပြီး ကလေးသုံးဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အသက် ၁၀ နှစ်ကနေ ၁၃ နှစ်အရွယ် ကလေးသုံးဦး ဒဏ်ရာရတာဖြစ်ပြီး အဲဒီအထဲက ကလေးတစ်ဦး ဒဏ်ရာပြင်းထန်တယ်လို့ ဆီဆိုင်မြို့ခံတစ်ဦးက ပြောပါတယ်။
“ဗုံးသီးက ကြိုးနဲ့ဆွဲရတဲ့ဟာမျိုး အဲဒါကို သွားဆော့မိတာ။ ကလေးတစ်ယောက်က လက်တောင်ပြတ်ထွက်သွားတာ အဲဒဏ်ရာပြင်းလို့ ဆေးရုံကို ပို့ထားရတယ်။ ကျန်တဲ့နှစ်ယောက်လည်း ခေါင်းနဲ့ နားရွက်နေရာတွေမှာ ထိသွားတယ်”
မေလ ၈ ရက်နေ့ကလည်း ဆီဆိုင်မြို့နယ် နောင်ရင်းကျေးရွာက အသက် ၄၀ကျော် အရွယ် စစ်ဘေးဒုက္ခသည် အမျိုးသားတစ်ဦး မြေမြှုပ်မိုင်းနင်းမိလို့ ခြေထောက်တစ်ဖက် ဆုံးရှုံးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မေလ ၅ ရက်နေ့ကလည်း စစ်ဘေးဒုက္ခသည် လင်မယားနှစ်ဦး နေရပ်ပြန်ပြီး စားနပ်ရိက္ခာသွားယူတဲ့အချိန် မြေမြှုပ်မိုင်းနင်းမိလို့ ဒဏ်ရာပြင်းထန်ခဲ့ပါတယ်။
ဆီဆိုင်မြို့ပေါ် ရပ်ကွက်တွေနဲ့ အနီးအနားရွာတွေမှာ မြေမြှုပ်မိုင်းနဲ့ စစ်လက်နက်ပစ္စည်းအကြွင်းအကျန်တွေ အများအပြားရှိနေပြီး ရှင်းလင်းပေးမယ့်သူ မရှိတာကြောင့် မကြာခဏ ထိခိုက်မှုတွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောခွင့်ရသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် အပါအဝင် စစ်ရေးပြင်းထန်နေတဲ့ ဒေသခံတွေမှာ မြေမြှုပ်မိုင်းနဲ့ စစ်လက်နက်ပစ္စည်း အကြွင်းအကျန်တွေကြောင့် အရပ်သား ထိခိုက်သေဆုံးမှုတွေ နေ့စဉ်နဲ့အမျှ တိုးလာနေတယ်လို့ စစ်ဘေးဒုက္ခသည်အရေး ကူညီပေးနေသူတွေက ပြောကြပါတယ်။
ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF Myanmar) ရဲ့ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၃ ရက် ထုတ်ပြန်ချက်အရ ၂၀၂၃ ခုနှစ်အတွင်း နိုင်ငံတစ်ဝန်း မြေမြှုပ်မိုင်းနဲ့ စစ်လက်နက် အကြွင်းအကျန်ကြောင့် အရပ်သား ၁၈၈ ဦး သေဆုံးခဲ့ပါတယ်။