မြောက်ဦးမှာ ဒရုန်းဗုံးကြောင့် အမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှာ မတ်လ ၁၅ ရက် ဒီနေ့မနက်ပိုင်းက စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်တာကြောင့် ရွာဟောင်းတောရွာက အသက် ၁၇ နှစ်အရွယ် မိန်းကလေး တစ်ဦးသေဆုံးခဲ့ပြီး နောက်ထပ် အမျိုးသမီး တစ်ဦးလည်း ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒရုန်းနဲ့ ဗုံးသီးလေးလုံးချပြီး တိုက်ခိုက်တာမှာ အရပ်သားတွေ ထိခိုက်သေဆုံးမှုရှိခဲ့တာလို့ မြောက်ဦး ဒေသခံတစ်ဦးက ပြောပါတယ်။

“ဗုံးက စုစုပေါင်း လေးလုံးလာကြဲသွားတယ်။ ဒရုန်းနဲ့ လာကြဲသွားတာပါ။ သင်္ကျိတ်တောင်ခြေရင်းနဲ့ တောင်ပေါ်မှာ နှစ်လုံးကျတယ်။ ရွာဟောင်းတောရွာနားမှာ တစ်လုံးနဲ့ အရှေ့ရံကာဘုရားနားမှာ တစ်လုံးကျတယ်။ ရွာဟောင်းတောရွာက မိန်းကလေး တစ်ယောက် ဦးခေါင်းမှာထိပြီး ပွဲချင်းပြီးသေသွားတယ်။ နောက်ထပ် မိန်းကလေး တစ်ယောက်လည်း ဒဏ်ရာရသွားတယ်”

စစ်ကောင်စီတပ်ဟာ မြောက်ဦးမြို့ကို လက်လွှတ်လိုက်ရပေမယ့် ကင်းထောက်လေယာဉ်တွေနဲ့ နေ့စဉ် လာရောက်စောင့်ကြည်တာတွေရှိနေတယ်လို့ သူက ဆိုပါတယ်။

မတ်လ ၁၄ ရက် မနေ့ကတော့ စစ်ကောင်စီတပ် ရေယာဉ်ပေါ်က ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ပုဏ္ဏားကျွန်းမြို့ပေါ်က အရပ်သား သုံးဦးသေဆုံးပြီး ၁၁ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UN OCHA) ရဲ့ မတ်လ ၃ ရက်နေ့အထိ စာရင်းတွေအရ ရခိုင်ပြည်နယ်က တစ်ကျော့ပြန်တိုက်ပွဲအတွင်း သေဆုံးတဲ့ အရပ်သား ၁၇၀ ကျော်နဲ့ ဒဏ်ရာရသူ လေးရာကျော်အထိ ရှိနေပါတယ်။