မူဆယ်ဗုံးပေါက်ကွဲမှု ကလေးငယ်တစ်ဦးအပါအဝင် ၁၁ ဦးဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ် မင်္ဂလာမူဆယ်လမ်းမမှာ နိုဝင်ဘာလ ၁၄ ရက် မနေ့မနက် ၁၁ နာရီခန့် ဗုံးပေါက်ကွဲခဲ့တာကြောင့် အသက်ငါးနှစ်အရွယ် ကလေးငယ် တစ်ဦးအပါအဝင် ၁၁ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လမ်းမအလယ် ပန်းခုံမှာ ပထမအကြိမ်ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေ လာကြည့်ချိန် ထပ်မံပေါက်ကွဲခဲ့တာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“မင်္ဂလာမူဆယ်လမ်းမအလယ် ပန်းခုံမှာစဖြစ်တာ။ လာကြည့်တဲ့ ပြည်သူ့စစ်ထဲက နှစ်ယောက်ထိသွားတယ်။ လမ်းသွားလမ်းလာတွေလည်း ထိခိုက်သွားတယ်။ အများစုက ခေါင်းနဲ့ခြေထောက်တွေမှာ ထိထားတာ”

ဗုံပေါက်ကွဲမှုကြောင့် ကလေးငယ်တစ်ဦး အပါအဝင် အမျိုးသားရှစ်ဦး၊ အမျိုးသမီး သုံးဦးဒဏ်ရာရခဲ့ပြီး ဒဏ်ရာပြင်းထန်တဲ့ အမျိုးသားလေးဦးကိုတော့ လားရှိုးနဲ့ မန္တလေးဆေးရုံကို ပို့ဆောင်ထားသလို ကျန်တဲ့သူတွေကိုတော့ မူဆယ်ဆေးရုံမှာပဲ ဆေးကုသပေးနေတယ်လို့ ဒဏ်ရာရသူတွေကို ကူညီပေးခဲ့သူတစ်ဦးက ပြောပါတယ်။

မူဆယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PSDA ကတော့ ဒီဖောက်ခွဲမှုဟာ သူတို့လက်ချက်ဖြစ်တယ်လို့ ရှမ်းပြည်နယ်အခြေစိုက် သတင်းဌာနအချို့ကို မနေ့က ဖြေဆိုထားပါတယ်။

သူတို့အနေနဲ့ မင်္ဂလာမူဆယ်မှာရှိတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေ ပူးပေါင်းဖွင့်လှစ်ထားတဲ့ KTV တစ်ခုကို မိုင်းသုံးလုံးနဲ့ ဖောက်ခွဲခဲ့တာလို့ ဆိုပါတယ်။

တရုတ်နယ်စပ်ဖြစ်တဲ့ မူဆယ်မြို့နယ်အတွင်းမှာ အခုလိုပဲ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်စခန်းတွေနဲ့ သူတို့နဲ့နီးစပ်တဲ့ လုပ်ငန်းတွေမှာ မကြာခဏဆိုသလို ဗုံးခွဲတိုက်ခိုက်ခံရလေ့ ရှိပါတယ်။

လက်ရှိ မူဆယ်မြို့နယ်မှာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေအပြင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေဖြစ်တဲ့ TNLA၊ MNDAA နဲ့ KIA တပ်ဖွဲ့တွေပါ လှုပ်ရှားလေ့ရှိပြီး ပြည်သူ့စစ်တပ်ဖွဲ့တွေနဲ့ မကြာခဏ တိုက်ပွဲဖြစ်လေ့ရှိပါတယ်။