လှိုင်သာယာနဲ့ အင်းစိန်မှာ ဗုံးပေါက်ကွဲမှုကြောင့် လေးဦးသေဆုံး
2024.03.02

ရန်ကုန်တိုင်း၊ လှိုင်သာယာနဲ့ အင်းစိန်မြို့နယ်မှာ မတ်လ ၁ ရက်နေ့ညပိုင်းက ဗုံးပေါက်ကွဲခဲ့တာကြောင့် လမ်းသွားလမ်းလာ ပြည်သူလေးဦး သေဆုံးခဲ့တယ်လို့ အဲဒီမြို့ခံတွေက ပြောပါတယ်။
လှိုင်သာယာမြို့နယ် (၃) ထိပ်မှတ်တိုင်နားက ကုက္ကိုတန်းနားမှာ ဗုံးပေါက်ကွဲခဲ့တာကြောင့် နှစ်ဦးသေဆုံးပြီး အင်းစိန်မြို့နယ် ဗိုလ်ချုပ်ကြေးရုပ် လမ်းဆုံအနီး ဗုံးပေါက်ကွဲမှုမှာလည်း နှစ်ဦး၊ စုစုပေါင်း လမ်းသွားလမ်းလာ အမျိုးသားသုံးဦးနဲ့ အမျိုးသမီးတစ်ဦး သေဆုံးသွားတာလို့ ဆိုပါတယ်။
အမည်မဖော်လိုတဲ့ လှိုင်သာယာမြို့ခံတစ်ဦးက ဗုံးပေါက်ကွဲပြီး နာရီပိုင်းအကြာမှာ စစ်ကောင်စီတပ်သားတွေ ရောက်ရှိလာပြီး သေဆုံးသူနှစ်ဦးကို အရေးပေါ်ကားနဲ့ သယ်ဆောင်သွားတယ်လို့ RFA ကိုပြောပါတယ်။
“ဟုတ်ပါတယ်။ သေဆုံးသွားတဲ့ အမျိုးသားတွေက လမ်းသွားလမ်းလာတွေပါ။ နေရာမှာတင် သေဆုံးသွားတာ။ ဗုံးစတွေက လည်ပင်ရိုးတွေထိပြီး သွေးထွက်လွန်ကြတယ်လို့ ပြောကြတယ်။ စစ်သားတွေရောက်လာတော့ အဝေးကနေပဲ ကြည့်နေရတာပေါ့”
သေဆုံးသွားသူတွေရဲ့ အမည်နဲ့ အသေးစိတ်အချက်အလက်ကိုတော့ အတိအကျမသိရသေးဘူးလို့ ဆိုပါတယ်။
အင်းစိန်မြို့နယ်က ဗုံးပေါက်ကွဲမှုမှာလည်း ကားအောက်ပိုင်းအထိ ထိခိုက်ပျက်စီးခဲ့ပြီး ကားပေါ်မှာပါသူနှစ်ဦး နေရာမှာတင် သေဆုံးသွားတယ်လို့ အင်းစိန်မြို့ခံတွေက ပြောပါတယ်။
ဗုံးကွဲပြီးနောက်ပိုင်း စစ်ကောင်စီတပ်က လုံခြုံရေးအင်အားအပြည့်နဲ့ လှိုင်သာယာနဲ့ အင်းစိန်မြို့နယ်တို့မှာ လှည့်လည်စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။
မနေ့က တစ်ရက်တည်းမှာပဲ သန်လျှင်၊ ကျောက်တန်း၊ အင်းစိန်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊ ရွှေပြည်သာ၊ မရမ်းကုန်းနဲ့ တောင်ဥက္ကလာပ မြို့နယ်တွေမှာလည်း ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
ပေါက်ကွဲမှုတွေနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့သလဲဆိုတာ RFA အနေနဲ့ သီးခြား အတည်မပြုနိုင်ပါဘူး။
စစ်ကောင်စီကို ထောက်ခံရေးသားနေတဲ့ မီဒီယာတွေမှာတော့ သေဆုံးခဲ့သူလေးဦးဟာ ဖောက်ခွဲမှုလုပ်ဖို့ ဗုံးသယ်ဆောင်လာရင်း ပေါက်ကွဲပြီးသေဆုံးခဲ့တာလို့ စွပ်စွဲရေးသားထားပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး တိတိကျကျသိရဖို့ စစ်ကောင်စီရဲ့ ရန်ကုန်တိုင်းပြောခွင့်ရသူ တိုင်းဥပဒေချုပ် ဦးဌေးအောင်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။