ဒဂုံမြို့သစ် စစ်ကောင်စီ လဝကရုံးမှာ ဗုံးကွဲပြီး နှစ်ဦးဒဏ်ရာရ

ရန်ကုန်မြို့မှ စစ်ကောင်စီတပ်ဖွဲ့၏ ဘန်ကာတစ်ခုအား ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့က တွေ့ရစဉ်။
ရန်ကုန်မြို့မှ စစ်ကောင်စီတပ်ဖွဲ့၏ ဘန်ကာတစ်ခုအား ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာန ဦးစီးမှူးရုံး (လဝကရုံး) မှာ ဒီဇင်ဘာလ ၁၂ ရက် မနေ့က ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး နှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီဖောက်ခွဲမှုကို ရန်ကုန်မြို့ပြ ပြောက်ကျားတပ်ဖွဲ့တစ်ခုဖြစ်တဲ့ မြန်မာ့တော်ဝင် နဂါးတပ်တော် (MRDA Yangon) က ပြုလုပ်ခဲ့တာလို့ မနေ့ညနေပိုင်းမှာ အဲဒီအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ပေါက်ကွဲမှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်သားတွေက လဝက ရုံးအနီး စစ်ဆေး မေးမြန်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ဖောက်ခွဲပြီးသိပ်မကြာဘူး အဲဒီနားသွားတော့ ရဲတွေရော၊ စစ်သားတွေရော၊ ကားဂိတ်မှာ ဆိုင်ကယ်တွေရော ရပ်ခိုင်းတယ်။ လူတွေကိုရော ဘေးမှာတန်းစီပြီးတော့ ထိုင်ခိုင်းထားတယ်။ လူတွေတော့ ပါမသွားဘူး။ ဆိုင်ကယ်တွေတော့ မသွားတာ တွေ့တယ်”

စစ်ကောင်စီကလည်း ဒီပေါက်ကွဲမှု ဖြစ်စဉ်ကို အတည်ပြုခဲ့ပြီး အမျိုးသားတစ်ဦးနဲ့ အမျိုသမီးတစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ထိခိုက်ဒဏ်ရာရသူနှစ်ဦးဟာ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ အမှတ် (၅) ရပ်ကွက်၊ ယုဇနလမ်း၊ အမှတ် (၅၁၈) နေထိုင်တဲ့ အသက် ၄၃ နှစ်အရွယ် ဦးဝင်းထက်ဦး အသက် ၂၀ အရွယ် မခင်တွယ်တာဦးတို့ဖြစ်တယ်လို့ ဆိုပါတယ်။

MRDA Yangon ကတော့ ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်သားတွေအနီးမှာ မနေဖို့နဲ့ ထုတ်ပြန်ခဲ့ပါတယ်။

မြန်မာနိုင်ငံတစ်ဝန်းမှာ အာဏာသိမ်းမှုကို လက်နက်ကိုင်ဆန့်ကျင်တဲ့ ပြည်သူ့ကာကွယ်ရေး အဖွဲ့ (ပကဖ) ၂၅ဝ နဲ့ မြို့ပြ ပြောက်ကျားအဖွဲ့ ၄ဝဝ ကျော်ရှိတယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က RFA ကို ပြောဆိုထား ပါတယ်။