ရန်ကုန်မြို့က လေတပ်အရာရှိအိမ်ရာဂိတ်နဲ့ ရပ်ကွက်ရုံး ဖောက်ခွဲတိုက်ခိုက်ခံရ

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်က လုံခြုံရေးတင်းကျပ်ထားတဲ့ လေတပ်အရာရှိ အိမ်ရာဝင်ပေါက်ဂိတ်နဲ့ စော်ဘွားကြီးကုန်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတို့ကို မနေ့ညပိုင်းက ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ မြို့ပြပျောက်ကြားတပ်ဖွဲ့ဝင်နဲ့ မြို့ခံတွေက RFA ကို ပြောပါတယ်။

မတ်လ ၁၂ ရက်နေ့ ည ၈ နာရီ ၄၀ မိနစ်လောက်မှာ လေတပ်အရာရှိ အိမ်ရာဂိတ်နဲ့ အုပ်ချုပ်ရေးမှူးရုံးကို Dark Shadow အဖွဲ့က အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့လို့ အုပ်ချုပ်ရေးမှူးရုံး ပျက်စီးသလို လေတပ်အရာရှိအိမ်ရာဂိတ် ပေါက်ကွဲမှုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ဒဏ်ရာရနိုင်ပေမယ့် အတိအကျ မသိရသေးဘူးလို့ အဲဒီအဖွဲ့ဝင် ရဲဘော်ပန်ဒါက ပြောပါတယ်။

“အုပ်ချုပ်ရေးမှုရုံးမှာ အထိအခိုက်တော့ မရှိဘူး၊ အပျက်အစီးရှိတယ်။ လေတပ်အရာရှိ လိုင်းခန်းဂိတ်ကတော့ အထိအခိုက်ရှိနိုင်တယ်။ တိုက်ပွဲတွေမှာ စစ်ကောင်စီက လေတပ်ကို အများဆုံးသုံးကြတယ်။ ပြည်သူတွေအပေါ် ကြဲချတယ်။ ရဲဘော်တွေအပေါ်လည်း ကြဲချတဲ့အခါမှာ ကျွန်တော်တို့ UG တွေအနေနဲ့ မြို့ပြမှာ အပြစ်ပေးတာပေါ့”

မနေ့ညက အင်းစိန်မြို့နယ်မှာ ပေါက်ကွဲသံနှစ်ခါကြားရပြီးတဲ့နောက် စစ်ကောင်စီက လုံခြုံရေးတင်းကျပ်ပြီး စစ်ဆေးမှုတွေလုပ်ခဲ့သလို၊ မနေ့ည ၉ နာရီလောက်မှာလည်း ဒဂုံမြို့သစ် (အရှေ့ပိုင်း) လ.ဝ.က ရုံးမှာ ပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး အသေးစိတ်သိရဖို့ စစ်ကောင်စီရဲ့ ရန်ကုန်တိုင်း ပြောခွင့်ရ တိုင်းဥပဒေချုပ် ဒေါ်ဖြူမာဝေကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

အဲဒီ အင်းစိန်မြို့နယ်က လေတပ်ဝန်ထမ်းအိမ်ရာဝင်းကို မတ်လ ၈ ရက်ကလည်း ၄၀ မမ ဗုံးသီးလောင်ချာနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Urban Special Force(U.S.F) အဖွဲ့က ထုတ်ပြန်ထားပါတယ်။