ကျန်းမာရေးဝန်ကြီး ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့မှာ သမ္မတဦးသိန်းစိန်ရဲ့ နိုင်ငံရေးဆိုင်ရာ အကြံပေးအဖွဲ့ခေါင်းဆောင် ဦးကိုကိုလှိုင်၊ သိပ္ပံနဲ့ နည်းပညာဝန်ကြီးဌာန ကိုယ်စားလှယ်တွေ၊ ရှေ့နေချုပ်ရုံး ကိုယ်စားလှယ်တွေနဲ့ ပညာရှင်အဖွဲ့တွေ ပါဝင်ကြပါတယ်။
မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ တနင်္ဂနွေနေ့က ရောက်ရှိခဲ့ကြတာဖြစ်ပြီး ပြည်တွင်းက ပညာရေး၊ ကျန်းမာရေးနဲ့ လူမှုရေးဆိုင်ရာ ကိစ္စရပ်တွေအကြောင်း အမေရိကန်ပြည်ထောင်စုက သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို အဓိကထား တင်ပြသွားဖို့ ရှိတယ်လို့ မြန်မာကိုယ်စားလှယ်အဖွဲ့ထဲမှာ ပါဝင်တဲ့ မင်္ဂလာမြန်မာ NGO အဖွဲ့ခေါင်းဆောင် ဒေါက်တာဖုန်းဝင်းက ပြောပါတယ်။
ကိုယ်စားလှယ်အဖွဲ့ဟာ အမေရိကန်အစိုးရ အဖွဲ့ဝင်တွေ၊ လွှတ်တော်အမတ်တွေနဲ့လည်း အသီးသီးတွေ့ဆုံပြီး မြန်မာနိုင်ငံအပေါ် ထိထိရောက်ရောက် ကူညီရေးကိစ္စတွေ ဆွေးနွေးကြမယ်လို့ သိရပါတယ်။
မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ လာမယ့် စနေနေ့မှာ မြန်မာနိုင်ငံကို ပြန်လည်ထွက်ခွာမှာ ဖြစ်ပါတယ်။