စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ခိုးသန်းရွာမှာ မတ်လ ၅ ရက်နေ့က ဒုတိယအကြိမ်မြောက် မီးရှို့ခံရပြီး အိမ်ခြေတစ်ရာနီးပါး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ အင်အား ငါးဆယ်ခန့်ပါတဲ့ စစ်ကြောင်းဟာ ခိုးသန်းရွာကို မတ်လ ၁ ရက်နေ့က ဝင်ရောက်မီးရှို့ခဲ့ပြီး မတ်လ ၅ ရက်နေ့ နေ့လယ်ပိုင်းမှာ ဒုတိယအကြိမ် မီးရှို့ခဲ့တာလို့ ခိုးသန်းရွာဒေသခံက ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ မီးရှို့မှုကြောင့် နေအိမ်၊ ဆေးခန်းတွေအပြင် အသက် ၉၀ အရွယ် အဘွားအိုတစ်ဦး သေဆုံးခဲ့ရတယ်လို့ သူ့ရဲ့ မြေးဖြစ်သူ ခိုးသန်းရွာ ဒေသခံက ပြောပါတယ်။
"ရွာရဲ့ ရေပေးဝေစက်၊ ရွာရဲ့ ဆေးပေးခန်း ဒါက ကြီးကြီးမားမား ပျက်စီးမှုတွေပါ။ ကျန်တာက လူနေအိမ်တွေ ပျက်စီးတယ်။ လူတစ်ယောက် မီးထဲရှို့ခံရတယ်။ အဲဒီလူက ကျွန်တော့်ရဲ့ အဘွားပါဗျ"
မီးလောင်သေဆုံးခဲ့ရတဲ့ အဘွားရဲ့ ရုပ်အလောင်းကိုတော့ မတ်လ ၆ ရက်နေ့မှာ သင်္ဂြိုဟ်ခဲ့တယ်လို့ သူက ပြောပါတယ်။
စစ်ကောင်စီ စစ်ကြောင်းဝင်ရောက်မှုကြောင့် အိမ်ခြေ ၃၅၀ ဝန်းကျင်ရှိတဲ့ ခိုးသန်းရွာမှာ အိမ်ခြေနှစ်ရာဟာ မီးလောင်ပျက်စီးခဲ့ပြီလို့ သူက ဆိုပါတယ်။
ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရ၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
လက်ရှိမှာတော့ ခိုးသန်းရွာမှာ ဒေသခံတချို့ ပြန်လည်နေထိုင်နေပေမယ့် စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းတွေ ဝင်ရောက်လာမှာကို စိုးရိမ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သုတေသနအဖွဲ့ Data for Myanmar ရဲ့ စာရင်းတွေအရ အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအထိ နိုင်ငံတစ်ဝန်း နေအိမ် ရှစ်သောင်းနီးပါး မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။